မန္တလေးကို အကျတိုက်မည်ဟု မတ္တရာ PDF ပြော

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကို စစ်ကောင်စီ ဖိအားပေးတိုက်ခိုက်နေပေမဲ့ PDF တွေက မန္တလေးကို အကျတိုက်မယ်လို့ မတ္တရာ PDF တာဝန်ရှိသူကပြောပါတယ်။

မန္တလေးတိုင်းထဲက PDF တွေ အသာစီးယူထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

မတ္တရာမြို့နယ်မှာ လက်လွှတ်ထားရတဲ့ စခန်းငယ်တချို့ကို စစ်ကောင်စီက ပြန်သိမ်းယူထားပြီး စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

တရုတ်ဘက်က ဖိအားတချို့ကြောင့် မြောက်ပိုင်းမဟာမိတ်တွေရဲ့ ရှမ်း-မန်းနယ်စပ်ထိုးစစ်တွေ ရပ်တန့်သွားပြီးနောက်မှာ ဒေသတွင်း PDF တွေအပေါ် စစ်ကောင်စီက ပြန်လည်ဖိအားပေး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မတ္တရာPDF တာဝန်ရှိသူက ဦးတိုးက “မတ္တရာမြို့နယ်ထဲမှာ ၂၁ ရက်နေ့က သုံးဆယ်ပေးကို ‌သာလွန်အင်အားနဲ့ ဝင်စီးသွားတာရှိတယ်။ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရတာရှိတယ်။ သုံးဆယ်ပေးမှာ အခြေပြုသွားတဲ့ စကစကြောင်းက သုံးဆယ်ပေးကို မီးတင်ရှို့တာတွေရှိတယ်။ စဉ့်ကူးအတွင်းကတော့ လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်။ ပြည်သူအသေအပျောက် ရှိခဲ့တာ ရှိတယ်။ အဲဒါ လွန်ခဲ့တဲ့ရက်ပိုင်းတွေကပေါ့။ သပိတ်ကျင်းမြို့နယ်အတွင်းမှာတော့ ၂၅ ရက်နေ့ကစပြီးတော့ စစ်ရေးပြန်လည်တင်းမာမှုရှိတယ်။ လေကြောင်းတိုက်ခိုက်မှုရှိတယ်။ တွင်းငယ်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပစ်ကူပေးတာ ရှိတယ်။ ကျောက်ကြီးတို့၊ အုန်းနှဲကူးတို့ဘက်ပေါ့ ၇ မိုင်နဲ့ကြားပေါ့။ သပိတ်ကျင်းမြို့နယ်ရဲ့မြောက်ခြမ်း အဲဒီဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ၂၅ ရက်နေ့ကနေစပြီးတော့ ၂၈ ရက်နေ့ညနေပိုင်းအထိ အကြိမ်ရေများစွာ ရှိခဲ့တယ်။ ၂၈ ရက်နေ့တရက်တည်းမှာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာ ၄ ကြိမ်ရှိတယ်။ အသေအပျောက်စာရင်းတော့ မသိရဘူး။ ခြုံငုံပြီး သုံးသပ်မယ်ဆိုရင်တော့ စစ်ရေးက ပြန်လည်တင်းမာနေတယ်။ မန္တလေးမြို့ပေါ် အခြေအနေကတော့ စမထ(စစ်မှုထမ်း) အတွက် အမှတ်စဉ် ၆ လို့ သိရတယ်။ အဲဒီအတွက် ဧည့်စာရင်းစစ်တာရှိတယ်၊ ဝင်ဆွဲတာတွေ ရှိတယ်၊ မြို့ပေါ်လမ်းတွေပေါ်လည်းဆွဲ အိမ်တွေထဲလည်း ဝင်ဆွဲပေါ့၊ နေ့ ညပေါ့။ နောက်တခါ ပုသိမ်ကြီးမြို့နယ်ထဲလည်း ထိုနည်းလည်းကောင်းပေါ့။”

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မန္တလေး PDF တို့က ရှမ်း-မန်းနယ်ထဲက နောင်ချို၊ မိုးကုတ်၊ စဉ့်ကူးနဲ့ မိုးမိတ်မြို့တွေကို သိမ်းယူခဲ့ပါတယ်။

မန္တလေးဒေသတွင်း PDF တွေက သပိတ်ကျင်းမြို့ကို သိမ်းယူနိုင်ခါနီးအထိ ဖိအားပေးနိုင်ခဲ့ပေမဲ့ စစ်ကောင်စီက သူတို့အတွက်အရေးပါတဲ့ စစ်လက်နက်ပစ္စည်း စမ်းသပ်ထုတ်လုပ်ရေးဆိုင်ရာ ဌာနတချို့ရှိနေတဲ့အတွက် သပိတ်ကျင်းမြို့ကို လက်မလွှတ်ရဖို့ စစ်ရေးနည်းလမ်းစုံနဲ့ သာလွန်အင်အားတွေ သုံးခဲ့တယ်လို့ PDF တွေက ပြောပါတယ်။

မတ္တရာPDF တာဝန်ရှိသူက ဦးတိုးက “စစ်ကောင်စီက အရှက်ပြေလုပ်နေတာလို့ ယူဆတယ်၊ သူ စကားကျွံထားတာတွေရှိတယ်။ သို့သော်လည်းပဲ မန္တလေးက ကျကိုကျမှာ။ အချိန်မတိုင်သေးလို့ မကျတာ၊ အချိန်တန်ရင်ကျမှာပဲ။ တော်လှန်ရေးစကားနဲ့ပြောရရင်တော့ တလှိုင်းပြီး တလှိုင်း လာမယ်ဆိုတာ ရှိတယ်။ အဲဒီအခြေအနေကြားထဲမှာ စကစက တလုံးပြီးတလုံး လုံးနေတာ။ ဒါပေမဲ့ သူတို့ကို ထွက်ပေါက်ပေးထားတယ်။ အဲဒီတော့ လက်ရှိပြောင်းသွားတဲ့ မန္တလေးတိုင်းမှူးသည်လည်းပဲ အလံဖြူထောင်ဖို့ လိုတယ်။ အရှက်ပြေလုပ်နေတာကို လိုက်ပြီးတော့ လုပ်ပေးနေခြင်းအားဖြင့် ပြည်သူရဲ့အမုန်းပဲ ရမယ်၊ ပြည်သူလူထုရဲ့ ရွံရှာမှုကိုပဲ ရမယ်၊ အဲဒါ လက်ရှိ လပခ တိုင်းမှူးအသစ်ကို ပြောချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းမှာ PDF တွေကို ပြန်လည်ဖိအားပေးတိုက်ခိုက်နေသလို စစ်ကိုင်းတိုင်း၊ ပုလဲနယ်က ပျူရွာတွေကိုလည်း လေကြောင်းကနေ လက်နက်နဲ့ရိက္ခာ ထောက်ပံ့ပြီး မြေပြင်စစ်ရေးပြန်ဖော်ဖို့ ကြိုးစားနေပါတယ်။

စက်တင်ဘာ ၂၈ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ပျူစောထီးရွာကို လေကြောင်းကနေ လက်နက်နဲ့ရိက္ခာပြန်လည်ထောက်ပို့ခဲ့ပြီး မြေပြင်စစ်ရေးပြန်ဖော်ဖို့ ကြိုးစားနေတယ်လို့ ပုလဲပအဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဩဂုတ် ၃၀ နဲ့ ၃၁ ရက်နေ့တွေတုန်းကလည်း စစ်ကိုင်းတိုင်း၊ ပုလဲနယ်နဲ့ကပ်လျက် မကွေးတိုင်း၊ မြိုင်နယ်ထဲက ပျူစောထီးကျေးရွာတွေကို လေယာဉ်နဲ့ရိက္ခာထုပ် ရာချီပြီး စစ်ကောင်စီက ပေးပို့ခဲ့တာပါ။

ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုကျော်စိုးဝင်းက “၁၀ နာရီလောက်က အင်မထီး ခွေးခြံထဲကို ရိက္ခာပို့ ၁၂ ကြိမ်ပျံဝဲပြီးတော့ ၉ ကြိမ်လောက် လက်နက်၊ ရိက္ခာချသွားတယ်၊ ရိက္ခာပြတ်လို့နေမှာ။ အရင်က မြိုင်နယ် ပုလဲနယ် မခွဲခြားဘဲ စစ်ကြောင်းထိုးလာရင် ပျူရွာတွေကနေမှ အမှီပြုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို သူတို့ နိုင်ထက်စီးနင်း လုပ်တာပေါ့နော်။ ရိက္ခာပြတ်ပြီဆိုရင် ပုလဲမြို့နယ်က စစ်ကြောင်းက အမှီပြုပြီးတော့မှ ထိုးလာတဲ့ အတိုင်းအတာက နွယ်လျှောက်တို့ ဘာတို့ဘက်က လာတဲ့အတိုင်းအတာ လုပ်ခဲ့တာပဲ ရှိတယ်။ အခု ဒါ ပထမဦးဆုံး Y12 ကနေ ချတဲ့ အတွေ့အကြုံကတော့ ကျနော်တို့ အခုမှ မြင်ဖူးတာဗျ။ မြေပြင်အနေနဲ့တော့ ဒီကောင်တွေ စစ်ကြောင်းလည်း မထိုးနိုင်သလို သူတို့ရဲ့ ပျူစောထီးရွာတို့ စကစ အကြောင်းပြုတဲ့ရွာတွေကိုတော့ ကုန်းလမ်းကြောင်းကနေ ဘယ်လိုမှ မပေးပို့နိုင်တဲ့အခါမှာ လေလှိုင်းကို အသုံးပြုပြီးတော့ ပံ့ပိုးနိုင်တဲ့ ရိက္ခာကို ပို့တယ်လို့ ကျွန်တော် မြင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေအလွန်မှာ မြန်မာနိုင်ငံတွင်း စစ်ရေးချိန်ခွင်လျှာဟာ မြင်သာတဲ့ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ကောင်စီက မြေပြင်စစ်ရေးအတွက် လုံလောက်တဲ့အင်အား မရှိတော့တာကြောင့် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ၊ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ် စုဆောင်းတာ၊ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်ပြီး နယ်မြေဆက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *