လေးကေ့ကော် စွယ်တော်ကုန်းတိုက်ပွဲ ပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ တိုက်ခိုက်နေရာ စစ်ကောင်စီကလေကြောင်းမှ လာရောက်ပစ်ကူပေးနေကြောင်း သိရသည်။

လေးကေ့ကော် စွယ်တော်ကုန်းတွင် ယနေ့ နံနက်ပိုင်းကတည်းက နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်နေပြီး နေ့လယ်၂ နာရီခန့်အချိန်၌ လေကြောင်းမှ လာရောက်ပစ်ကူပေးနေခြင်းဖြစ်သည်။

လေးကေ့ကော် စစ်ရှောင်အမျိုးသားတဦးက “ဂျက်ဖိုက်တာနဲ့ လာလာပြီး ဗုံးကြဲနေတာ ၂ နာရီ ၁၅ မိနစ်အတွင်းကို လေးခေါက်ရှိသွားပြီ။ တိုက်ပွဲ ပစ်ခတ်မှုတွေက မနက်ကတည်းက ဖြစ်နေတာပါ” ဟု ပြော သည်။

လေးကေ့ကော် စွယ်တော်ကုန်းတပ်စခန်းသည် တောင်ကုန်းအမြင့်၌ရှိသည့်အပြင် စစ်ကောင်စီဘက်မှ ဘန်ကာများ အခိုင်အမာပြုလုပ်ထားသောကြောင့် ပူးပေါင်းတပ်များက ဒရုန်း၊ လက်နက်ကြီးများဖြင့် အဓိက တိုက်ခိုက်နေရသည်။

ကော်ဘရာစစ်ကြောင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲက ဒီဘက်က ဒရုန်းတွေနဲ့ချတယ်။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပြန်ပစ်တယ်” ဟု ပြောသည်။

ယနေ့ဖြစ်ပွားနေသည့် လေးကေ့ကော်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်သံများကို မြန်မာ- ထိုင်းနယ်စပ် မဲဆောက်ဘက်ခြမ်း၌ပင် အသံများကြားရသည်။

ယမန်နေ့တွင်လည်း စွယ်တော်ကုန်းရှိစစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက် မီးလောင်ခဲ့ပြီး ဒရုန်းတစီးလည်း ပျက်စီးခဲ့သည်ဟု စစ်ကြောင်းများကို ထောက်ပို့ပေးနေသူတစ်ဦးက ပြောသည်။

စစ်တပ် တပ်စွဲထားသည့် စွယ်တော်ကုန်းမှာလေးကော်မြို့အနီးတွင်တည်ရှိပြီး စစ်ကောင်စီ တပ်မ ၄၄ မှဗျူဟာမှူးထိုင်၍ ကွပ်ကဲလျက်ရှိကာ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ စက်တင်ဘာလဆန်းပိုင်း၌ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေကြောင်း သိရသည်။

စွယ်တော်ကုန်းအပါအဝင် လေးကေ့ကော်တွင် ပြီးခဲ့သည့် မတ်လက တကျော့ပြန်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လေးကေ့ကော်မြို့ထဲ ပြန်ဝင်နေသည့် ဒေသခံ ၃၀၀ ကျော်သည် မယ်ထော်သလေးကျေးရွာ၌ စစ်ရှောင်နေရသည်မှာ အချိန် ၆ လကျော်နေပြီဖြစ်သည်။

ပုံစာ- ရှေ့တန်းတွင်တွေ့ရသော KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း) /Cobra Column


Comments

Leave a Reply

Your email address will not be published. Required fields are marked *