ဆေးသင်တန်းသား ၁၈ ဦး​ရေနစ်​သေဆုံးခဲ့​သောဖြစ်စဥ်​ စုံစမ်း​တွေ့ရှိချက်များထုတ်ပြန်

ဆေးသင်တန်းသား၊ သင်တန်းသူ (၁၈) ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်အပေါ်မြေပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအနှစ်ချုပ် ကို ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF က ယနေ့ထုတ် ပြန်သည်။

စက်တင်ဘာ ၁၁ ရက်နေ့ည ၈ နာရီခွဲတွင် Frontline/Combat Medic သင်တန်း၌လေ့
ကျင့်ရေးပြုလုပ်နေစဥ် သင်တန်းသူ၊သင်တန်းသား ၁၈ ဦးသေဆုံးခဲ့မှုဖြစ်စဥ် အပေါ် ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှု၊တာဝန်ယူမှုရှိစွာ နှင့် မှန်ကန်သော အချက်အလက် ဖြစ်စဥ်ကို မိဘဆွေမျိုးများ၊တပ်ရင်းတပ်ဖွဲ့များနှင့်အရေးအကြီးဆုံးဖြစ်သည့် ပြည်သူလူထုအသီးသီးထံတင်ပြနိုင်ရန် KNDF ကဦးဆောင်ကာ စက်တင်ဘာ ၁၅ ရက်တွင် ဖြစ်စဥ်စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ စုံစမ်းတွေ့ရှိချက်များအရစက်တင်ဘာ ၁၁ ရက်တွင်ကျောင်းအုပ် နှင့် သင်တန်းဆရာသုံးဦးသည် ည ဘက်လေ့ကျင့်ရေး ပြုလုပ်ရန် ၎င်းတို့အချင်းချင်းကြားဆွေးနွေးညှိနှိုင်းခဲ့ ရာ ကျောင်းအုပ်နှင့် PT မှူးတစ်ဦးက သဘောတူခဲ့ပြီးသင်တန်းဆရာတစ်ဦးနှင့်သင်တန်းအကူတစ်ဦးက သဘောမတူခဲ့ပေ။

သို့သော် သင်တန်းကျောင်းအုပ်၏ဆုံးဖြတ်ချက်ကို အတည်ပြု၍ ကျန်သင်တန်းဆရာသုံးဦးက လိုက်နာခဲ့ ကြသော်လည်းထိုဆုံးဖြတ်ချက်ကိုသင်ကြားရေးဘက်မှ ဆရာ၊ဆရာမ များသင်တန်းသူ၊သင်တန်းသားအများစုနှင့် KNDF မှ တာဝန်ရှိသူများမသိရှိခဲ့သည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

သင်တန်းသား၊သင်တန်းသူများသည် စက်တင်ဘာ ၁၁ ရက်နေ့ညဘက်လေ့ကျင့်ရေးတွင် ရေဖြတ်ကူးမည့်လှုပ်ရှား မှုအစီအစဥ်ကို မသိရှိခဲ့ကြောင်း၊ရေဖြတ်ကူးလေ့ကျင့်ရ​သော Happy Mission သည် စစ်ဘက်ဆိုင်ရာအရ လိုအပ်သည့် လေ့ကျင့်ရေးမစ်ရှင်ဖြစ်ကြောင်း KNDF က အသိပေးသည်။

ရေထဲသို့မဆင်းမီ သင်တန်းသား၊သင်တန်းသူများသည် မြေကြီး(သို့မဟုတ်)ကျောက်ခဲများအား အမျိုး သားဖြစ်ပါကအလေးချိန် ငါးပိဿာခန့်နှင့် အမျိုးသမီးဖြစ်ပါက အလေးချိန် သုံးပိဿာခန့်ကို ကျော ပိုးအိတ်(သို့မဟုတ်)ဆာလာအိတ်များနှင့်ထည့်၍ သယ်ယူရန် ညွှန်ကြားခဲ့သည်။

ရေထဲ ဖြတ်ကူးချိန်တွင် သယ်ဆောင်လာသော အိတ်များအတွင်းရှိ မြေကြီးနှင့်သဲများသည်ရေစိုမှုကြောင့် ၅ ပိဿာအိတ်များသည် ၁၁ ပိဿာအဖြစ်သို့လည်းကောင်း သုံးပိဿာအိတ်များသည် ၆ ပိဿာ ခန့်အထိပြောင်းလဲသွားခဲ့ကြောင်း စုံစမ်းရေးအဖွဲ့က ဆိုသည်။

Happy Mission မပြုလုပ်မီသင်တန်းသား၊သင်တန်းသူများ၏ ဖုန်းမီး(သို့မဟုတ်) ဓာတ်မီးများယူဆောင်ခွင့်အား သင်တန်းကျောင်းအုပ်နှင့်ဆရာများက တားမြစ်ခဲ့ပြီး စစ်သင်တန်းများ၏ လုပ်ထုံးလုပ်နည်းအတိုင်းဟု သိရသည်။

စက်တင်ဘာ ၁၁ နေ့ည ၈ နာရီခွဲတွင် — ရွာ၏ လယ်စိုက်ခင်းအနီးရှိချောင်းကူးတံတားအနီးမှစ၍ ကျောင်းသားစုစုပေါင်း ၉၈ ဦး ထွက်ခွာခဲ့ကာ အုပ်စုအားဖြင့် ခုနှစ်ဖွဲ့ ဖွဲ့ကာ တစ်ဖွဲ့လျှင်သင်တန်းသား၊သင်တန်းသူ ဦးရေး (၁၄ -၁၅) ဦးသည် ချောင်းကူးတံတားပေါ် တစ်ဦပခုံးတစ်ဦးကိုင်၍ နှစ်ယောက်တစ်တွဲအနေအထားဖြင့် အနောက်မှ အရှေ့သို့ ကျောပိုးအိတ်များကို ကိုင်ဆွဲ၍ ဆင်းခဲ့သည်။

ရေထဲသို့ရောက်ပြီးချိန်တွင် သင်တန်းသူ၊သင်တန်း သားအချို့သာတံတား၏ တစ်ဖက်ကမ်းကိုကူးနိုင်ခဲ့ပြီး သင်တန်းသူ၊သင်တန်းသား ၁၈ ဦးတိတိ ရေနစ်မြှုပ်မျောပါသေဆုံးခဲ့ရသည်။ရေနစ်မြှုပ်နေသောသူများကိုဆင်းကယ်ရန်ကြိုးစားသည့် သင်တန်းသား လေးဦးမှာ ပထမအကြိမ်တွင် ရေနစ်မြှုပ်နေသူသုံးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒုတိယအကြိမ်ထပ်မံဆင်းကယ်ရာတွင် ၎င်းတို့လေးဦးအနက် သုံးဦးပါရေနစ်သေ ဆုံးခဲ့ရသည်။

မစ်ရှင်မပြုလုပ်မီ ကျောင်းအုပ်နှင့် သင်တန်းဆရာသုံးဦးသည် ဒေသနှင့် ဒေသဓလေ့ထုံးထမ်းများအား သိရှိ နားလည်သည့် ဒေသခံရွာဥက္ကဌ၊ရွာခံများ၊ဘာသာရေး အကြီးအကဲများနှင့် ကြိုတင်ဆွေးနွေး အကြံဥာဏ်ရယူုခင်းမရှိခဲ့ကြောင်း တွေ့ရှိရသည်။

မစ်ရှင်ပြု လုပ်သည့်နေ့သည့် ကရင်နီပြည်နယ်အပါ အဝင် တစ်နိုင်ငံလုံး ရာဂီမုန်တိုင်းဝင်ရောက်နေသည့် ကာလဖြစ်ကာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် အဆိုပါရေချောင်နားတစ်ဝိုက်ရေသည် ဒူးလောက်မြင့်နေပြီး ညနေ ၅ နာရီတွင် ရေအတက်မြန်နေကာ အနီးအနားရှိစစ်ရှောင်စခန်းနေသူများက သတိထားမိခဲ့ပြီးလူတစ်ဦး၏ ရင်ဘတ်ခန့်မြင့်တက်နေသည်ဟု စုံစမ်းသိရှိကြောင်း KNDF က ဆိုသည်။

သင်တန်းကျောင်းအုပ်သည် စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းမစ်ရှင်ပြုလုပ်မည့် ဆုံးဖြတ်ချက်မချမီ အင်တာနက်အသုံးပြုခွင့်ရခဲ့ကာ ၎င်းသည် သဘာဝဘေး အန္တရာယ်ဖြစ်ပွားနေသည်ကို သတိပြုမိထားကြောင်း၊သင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာတစ်ဦးသည် ဖြစ်စဥ်မတိုင်မီ မွန်းလွဲသုံးနာရီခန့်က အဆိုပါရေချောင်း ထဲသို့ဖြတ်သန်းသွားကြောင်း သက်သေထွက်ဆိုချက်အရ တွေ့ရှိရသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာရေကြောင်းလမ်းဆိုင်ရာ မစ်ရှင်အတွက် အသက်အန္တရာယ် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းနာများ၊ဆန်းစစ်ချက်များ၊အထောက် အကူများ၊ကျန်းမာရေးအရေးပေါ်ဆိုင်ရာ စောင့်ရှောက် မှုများကို လုံးဝ ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိဘဲ မစ်ရှင်ကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သင်တန်းကျောင်းအုပ်အပါအသင် သင်တန်းဆရာ နှစ်ဦးသည် ညမစ်ရှင်ထွက်ရန် ဆုံးဖြတ်ချက်မချမီ အရက်၊ ဘီယာသောက်သုံးထားသည်စု ဝန်ခံသည်။(သောက်သုံးမှုပမာဏ အရ ကျောင်းအုပ် Grand အပြာကို Speed အချိုရည်ဘူး တစ်ဝက်ခန့်သောက်ထားပြီး သင်တန်းဆရာနှစ်ဦးသည် ရိုးမ ဘီယာအနီ (သံဘူးတို)တစ်ဘူးစီ သောက်ထားသည်)

​လူသေဆုံးမှုဖြစ်ခဲ့​သော Happy Mission သည် ပေးအပ်ထားသည့် တာဝန်ဖြင့် သင်တန်းဆရာများ၏ တသီးပုဂ္ဂလဆုံးဖြတ်ချက်နှင့် စီစဥ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပြီး ဖြစ်စဥ်တွင် ×××× နှင့် ×××× တို့နှစ်ဦး သည့် အဓိက တာဝန်ရှိနေသူဟု ၎င်းတို့ ကိုယ်တိုင်စုံစမ်းမေးမြန်းချိန်တွင် ထွက်ဆိုထားသည်။

ဖြစ်စဥ်တွင် အမိန့်ပေးသူ သင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာ သုံးဦးသည် ရဲဘော်၊ရဲမေများအား လေ့ကျင့်စေခိုင်းရာတွင် အသက်သေဆုံးလိုသော ဆန္ဒ မပါဝင်ကြောင်း တွေ့ရှိရသော်လည်း မစ်ရှင်မပြုလုပ်မီ ကြုတင်ပြင်ဆင်မှု အလုံးစုံမရှိဘဲ ပေါ့ဆမှု၊စီမံခန့်ခွဲမှု နှင့် ဆုံးဖြတ်ချက်မှားယွင်းမှုများရှိကြောင်း KNDF က အသိပေးသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၆ ရက်တာ စစ်ဆေးမှုအပြီး(စက်တင်ဘာ ၃၀ ရက်)တွင် အစီရင်ခံစာကိုရေးသားပြုစုပြီး ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC နှင့် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDFဗဟိုကော်မတီသို့ တင်ပြထားကြောင်း ထုတ်​ပြန်ချက်၌ ဖော်ပြသည်။

နောက်ဆက်တွဲလုပ်ငန်းစဥ်များကိုKNDFက ဆက် လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာ မိသားစုဝင်များ၊တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုကို ထုတ်ပြန်အစီရင်ခံမည်ဟု သိရသည်။

(အစီရင်ခံစာ အနှစ်ချုပ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *