ရန်ကုန်တိုင်းရှိ ဆရာ၊ ဆရာမများ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွင် မပါဝင်

အသက်အန္တရာယ်စိုးရိမ်ရသည်ဟု တင်ပြမှုများကြောင့် ရန်ကုန်တိုင်းရှိ ဆရာ၊ ဆရာမများ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွင် မပါဝင်

အသက်အန္တရာယ်စိုးရိမ်ရသည်ဟု တင်ပြမှုများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွင် မပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာ တစ်ရက်နေ့တွင် စစ်ကောင်စီက ကောက်ယူမည် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များ၌ ရန်ကုန်တိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ မပါဝင်သော်လည်း အခြား ပြည်နယ်နှင့် တိုင်းများရှိ ဆရာ၊ ဆရာမများ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်မှုရှိနေသည်။

“ကျမတို့ မပါဘူး။ သင်တန်းလည်း မတက်ရဘူး။ အသက်အရွယ်ကြီးလို့နေမယ် ” ဟု သာကေတမြို့နယ်မှ အသက် ၅၅နှစ် အရွယ် ဆရာမတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်း ဆရာ၊ ဆရာမ အများစုသည် သက်ဆိုင်ရာ မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် Facebook ဟစ်တိုင် ဂရုများတွင် သန်းခေါင်စာရင်း ကောက်ယူပါက အသက်အန္တရာယ်ရှိသည့်

အကြောင်းအရာများကို တင်သည့်အပြင် မြို့နယ်ပညာရေးမှူးများကိုလည်း တင်ပြမှုများ ပြုလုပ်ခဲ့သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့၌ ပါဝင်ခွင့်မရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အသက်လေးဆယ်အရွယ် အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

“ကျတော်တို့ ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ဝင်တွေထဲမှာ ဆရာ၊ ဆရာမတွေမပါဘူး။ ကျတော်ရယ်၊ လမ်းလူကြီးရယ်၊ ရပ်မိရပ်ဖတွေပဲ ကောက်မှာ ” ဟု သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

၂၀၂၄ခုနှစ် အောက်တိုဘာ တစ်ရက်မှ ၁၅ရက်အထိ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူမှုဖြစ်ပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ကို ကောက်ယူမည့်သူ ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူသွားမည်ဖြစ်ကာ၊ အိမ်ထောင်စု မေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုတို့ကို မေးမြန်းသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မီဒီယာများတွင် ဖော်ပြထားသည်။

“သန်းခေါင်စာရင်းကောက်ဖို့ဆိုပြီး ဘာမှ လာပြောတာလဲမရှိဘူး။ ပုံမှန်ဆိုရင်တော့ ကျတော်တို့တွေက စာရင်းကောက်တဲ့အထဲပါတယ်” ဟု ဒေါပုံမြို့နယ်မှ အသက် ၅၀ အရွယ် ကျောင်းဆရာတစ်ဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *