စစ်တွေနှင့် ကျန်မြို့တချို့ ၌ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းထားဆဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့တို့တွင် သန်းခေါင်စာရင်းများ ကောက်ယူနေကြောင်း သတင်းရရှိသည်။

သန်းခေါင်စာရင်းကောက်ယူရန်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းတို့ကို စက်တင်ဘာ အတွင်းက သင်တန်းပေးခဲ့ကာ ယနေ့တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

စစ်တွေမြို့ခံတဦးက “ပညာရေးဌာနက ဆရာမတွေ၊ ထွေအုပ်စာရေးတွေ တူညီဝတ်စုံ ဝတ်ပြီးတော့ ရပ်ကွက်တွေမှာ ဒီနေ့ သန်းခေါင်စာရင်း လိုက်ကောက်နေတယ်။ အိမ်မှာရှိတဲ့ လူစာရင်းအရေအတွက်ကို Tablet မှာ ဖြည့်တယ်။ သူတို့ ပြောတာ က ဒစ်ဂျစ်တယ်စနစ်နဲ့ ကောက်ယူတာလို့ ပြောတယ်” ဟုပြောသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူသည့် ဝန်ထမ်းများကို ထမင်းဖိုး တနပ် ၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ဆီဖိုးထောက်ပံ့ ကာ ရဲအင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူပေးထားကြောင်းလည်း သိရသည်။

အလားတူ တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြို့တို့တွင်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ယနေ့ သန်းခေါင် စာရင်း ကောက်ယူနေကြကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့ခံတဦးက “သန်းခေါင်စာရင်း ကောက်တာကို ပြည်သူတွေက စိတ်ဝင်စားသလား ဆိုတာထက် သူတို့လာ ကောက်တဲ့အချိန်တဲ့ ဒီအိမ်လူ မရှိဘူးဆိုရင် ပြဿနာရှာနိုင်တဲ့အတွက် သူတို့လာမှာကို ကြိုပြီးကို စောင့်နေကြရတာ။ မေးတာကို ဖြေပေးလိုက်တယ်။ ပြဿနာ မရှာရင် ပြီးရော။ အဲဒီလို သဘောပါပဲ” ဟုပြောသည်။

စစ်ကောင်စီက ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို နေပြည်တော်အပါအဝင် တိုင်း နှင့်ပြည်နယ်အသီးသီး၌ စာရင်းကောက်ယူသူ ၄ သောင်း ၂ ထောင်ခန့်ဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်းနှင့် အောက်တို ဘာ ၁ ရက်မှ ၁၅ ရက်အထိ ခန့်မှန်း လူဦးရေ ၅၆ သန်းနှင့် ခန့်မှန်းအိမ်ထောင်စုပေါင်း ၁၃ သန်းခန့်အား အခြေခံ တွက်ချက် ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ပြည်သူများအနေဖြင့် အယုံအကြည်မရှိကြောင်း ပြောဆိုကြသလို၊ ယနေ့တွင် လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီ ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်း အပါ အဝင် အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားကာ စစ်ကောင်စီသည် လက်လွှတ်ရသည့် နယ်မြေများလာသလို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့ အပါ အဝင် နယ်ဘက်ကျေးရွာများတွင် စစ်ကောင်စီယန္တရား လုံးဝချုပ်ငြိမ်းသွားပြီး အာရက္ခတပ်တော် (AA) အုပ်ချုပ်ရေးအာဏာကို ရယူထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ မောင်တော၊ မြောက်ဦး ၅ ခရိုင်ရှိရာ စစ်တွေခရိုင်တွင် စစ်တွေမြို့မှ လွဲ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့၊ ကျောက်ဖြူခရိုင်တွင် ရမ်းဗြဲမြို့နယ်၊ မြောက်ဦးခရိုင်တွင် ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည်မြို့နယ်များ၊ သံတွဲခရိုင်တွင် သံတွဲ၊ ငပလီ၊ ကျိန္တလီမြို့များနှင့် မောင်တောခရိုင်တခုလုံးကို သိမ်းထားသည်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ စစ်ကောင်စီ၏ ဆောင်ရွက်ချက်အပေါ် မူတည်ကြောင်း ပြောသည်။

၎င်းက “သန်းခေါင်စာရင်း ကောက်တာကိုတော့ အသေးစိတ်မသိဘူး။ SAC က သူတို့ ကောက်လို့ ရတဲ့နေရာကို ကောက်ပြီး တော့ ကောက်လို့ မရတဲ့နေရာကို ချန်ထားခဲ့မယ်နဲ့ တူပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိဆိုတာလည်း SAC ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ကတော့ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပါ၊ ပါတီ မှတ်ပုံ တင်တယ်ဆိုကတည်းက ရွေးကောက်ပွဲဝင်ဖို့ အတွက်ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီကျင်းပရန် ကြိုးစားနေသည့် ရွေးကောက်ပွဲသည် ဟန်ပြအဆင့်သာရှိပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည်မဟုတ်ဟု ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုသည်။

၎င်းက “ရခိုင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေက မြို့ပေါ်ရပ်ကွက် ကွက်ကွက်ကလေးပဲ ကျန်တော့တယ်။ ဒီလောက်နဲ့ ရွေးကောက်ပွဲလုပ်မယ် ဆိုတာက ဘယ်လိုမှ မျှတမှုမရှိဘူး။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ၊ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ စစ်ကောင်စီက သူတို့ နိုင်ငံရေး ထွက်ပေါက်တခုအတွက် ရွေးကောက်ပွဲလုပ်ပေးတယ် ဆိုပြီး စေတနာရှိသယောင် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် အောက်တိုဘာ ၁ ရက်မှနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းများကို ကောက်ယူနေခြင်းဖြစ်နေသလို တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာ မြို့ကြီးများကိုလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *