ဘုတလင်တိုက်ပွဲတွင် စစ်သား ၅၀ ခန့်ကို အရှင်ဖမ်းမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များဆို

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ဘုတလင် မြို့နယ်အတွင်း အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း၊ အရာတော်မြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတစ်ကြောင်းတစ်ခုကို ယမန်နေ့ (စက်တင်ဘာ ၃၀) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပျက်လုနီးပါးဖြစ်ကာ စစ်သား ၅၀ ခန့် လက်ရဖမ်းဆီးနိုင် ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ဘုတလင် မြို့နယ်အတွင်း အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း၊ အရာတော်မြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ် သည်။

အထိနာသွားသည့် စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသည့် အရေအတွက်နှင့် သေဆုံးစာရင်းကို ယနေ့ နံနက် အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ဖမ်းဆီးရမိပြီး ၂၀ ကျော် သေဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်သည့်အဖွဲ့ တချို့ထံမှ သိရသည်။

“စစ်ကြောင်းက တစ်ကြောင်းလုံးနီးပါး ပျက်သွားတယ်လို့ ပြောလို့ရတယ်။ လွတ်သွားတဲ့ စစ်XXXတချို့ တော့ ရှိတယ်” ဟု ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် 96 soldiers အညာဒေသတပ်ဖွဲ့မှ ဒုတိယ စစ်ရေး တာဝန်ခံ ကိုဥာဏ်က ပြောသည်။

“အညာဒေသအောက်ဘက်ခြမ်းမှာ စစ်ကြောင်းတစ်ကြောင်းကို ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပထမဆုံးအောင်ပွဲတစ်ခုလို့ပြောရမှာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် အခြေစိုက်ထားရာ ကူတော်ရွာမှ ဘုတလင်မြို့နယ်ဘက်သို့ ယမန်နေ့က စစ်ကြောင်း ထွက်လာစဉ် မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်တွင် ထိုလမ်းခရီးအကြား လမ်းတစ်နေရာတွင် ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီးနောက် အများအပြား ဖမ်းခံ ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ထွက်လာတဲ့စစ်ကြောင်းကိုအဖွဲ့အစည်းတွေက ပိတ်ဆို့ပြီးတိုက်ခိုက်ကြတယ်။ ဒီကောင်တွေ အနေနဲ့ အထိနာသွားတဲ့အချိန်မှာ မလွှဲသာလို့ လက်နက်ချတာလို့ ပြောရမှာပေ့ါ”ဟု ကိုဥာဏ်က ပြောသည်။

ဖမ်းဆီးရမိသူများတွင် မည်သည့်အဆင့်များ ပါဝင်သည်ကို မသိရသေးဘဲ စစ်မှုထမ်းသင်တန်းပြီးကာစ လူသစ်များလည်းပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရပြီး အင်အားပြုန်းတီးမှုနှင့် ကြုံနေရ သည့် စစ်တပ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်ဆန်းပိုင်းတွင် စတင်အသက်သွင်းပြီးနောက် အတင်းအကျပ် စစ်သားစုဆောင်းကာ စစ်မှုထမ်းသင်တန်းဆင်းပြီးစ စစ်သားသစ်များကို ရှေ့တန်းတွင် အသုံးပြုလာသည်။

တိုက်ခိုက်ချေမှုန်းခံရသည့် အထက်ပါစစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ တတိယပတ်အတွင်း ကူတော်ရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရချိန် ဘုတလင်မြို့မှတဆင့် ကူတော်ရွာသို့ စစ်ကူရောက်လာ သည့် တပ်ဖွဲ့ ဖြစ်သည်။

ထိုစစ်ကြောင်းက စစ်ကူရောက်ပြီး မကြာမီမှာပင် တော်လှန်ရေးအဖွဲ့ဝင်များနှင့်ပြည်သူများကို သတ်ဖြတ် ကာ ၊ နေအိမ်များကို ဖျက်ဆီးမီးရှို့ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဘုတလင်မြို့နယ်မှစတင်ထွက်လာသည့် စက်တင်ဘာ ၂၁ ရက်မှာပင် ထိုစစ်ကြောင်းသည် မြို့အနီး ကျွဲသေချောင်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

နောက်တစ်ရက်တွင် ကူတော်ရွာသို့ ရောက်ရှိလာပြီး ယင်းနေ့မှာပင် အနီးရှိ ကတိုးကျေးရွာကို စီးနင်း၍ တော်လှန်ရေးအဖွဲ့ဝင် ၂ ဦးနှင့် သက်ကြီးရွယ်အို အမျိုးသား ၁ ဦး ကို သတ်ဖြတ်ကာ နေအိမ် ၁၉ လုံး မီးရှို့ ဖျက်ဆီးခဲ့သည်။

တော်လှန်ရေး အင်အားစုများမှာ လေကြောင်းပစ်ကူလည်း ရှိသဖြင့် စက်တင်ဘာ ၂၁ ရက်ကတည်းက ကူတော်ရွာစခန်းကို မသိမ်းနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရပြီး ထိုစဉ်က ဘုတလင်မှလာသည့် အထက်ပါစစ်ကူ စစ်ကြောင်းကို ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ထိုစစ်ကူစစ်ကြောင်း ရွာမှ ဘုတလင်နယ်ဘက်သို့ ပြန်ချိန်တွင်မူ တော်လှန်ရေးအဖွဲ့တပ်ပေါင်းစု ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီစစ်ကြောင်းက အသွားတုန်းက ပြည်သူတွေ အပေါ်ကို ရက်ရက်စက်စက်လုပ်သွားတော့ အပြန်ကို စောင့်ပြီးတော့ ပြန်ဖြတ်တိုက်တာ။ ဖြတ်တောက်ရေးကလည်း အင်အားတောင့်တယ်။ ချေမှုန်းရေးက လည်း အင်အားတောင့်တော့ ဒီကောင်တွေ လှုပ်ကိုမလှုပ်နိုင်တော့တာ”ဟု တော်လှန်ရေးအင်အားစု များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့က စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံနေရချိန် မိတ္ထီလာမြို့ ရှမ်းတဲအခြေစိုက် လေတပ် မှ တက်သည့် လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ရာအနီး ဘုတလင်မြို့နယ်ကျေးရွာများကို လေကြောင်းမှ ၉ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဖိုက်တာနဲ့ အကြီးလည်းပစ်တယ်။ ဗုံးသီးလည်းချတယ်။ စက်လတ်ကြီးနဲ့ပါ ပစ်ခတ်မှုရှိတယ်” ဟု ကိုဥာဏ်က ဆိုသည်။

ယမန်နေ့က တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ လက်မောင်းရှပ်ထိ ဒဏ်ရာရသူ တစ်ဦး၊ ဦးခေါင်းရှပ်ထိ ဒဏ်ရာရသူတစ်ဦးသာ ရှိကြောင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူ အထက်ပါ ဒေသခံက ပြောသည်။

ယနေ့ နံနက်က ဘုတလင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသော်လည်း စစ်ကြောင်း ထိုးလာခြင်းမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဘုတလင်မြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကူတော်ရွာတွင် စစ်တပ်က နယ်မြေစိုးမိုးထားပြီး မြို့ပေါ်တွင် လည်း အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်နိုင်ခြင်းမရှိဘဲ မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများမှာလည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် ဆေးရုံကိုစွန့်ခွာသွားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *