သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေအိမ်တွင် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုအကြောင်းဖြေကြားနိုင်မည့်သူ အိမ်တွင်နေရန် စစ်ကောင်စီက ဖိအားပေးနေခိုင်း

သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေအိမ်တွင် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုအကြောင်းဖြေကြားနိုင်မည့်သူ အိမ်တွင်နေရန် စစ်ကောင်စီက ဖိအားပေးနေခိုင်း

အကြမ်းဖက်စစ်ကောင်စီက ယနေ့မှစတင်၍ စီမံချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ အောက် တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေအိမ်တွင် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုအကြောင်းဖြေကြားနိုင်မည့်သူ အိမ်တွင်နေရန် ဖိအားပေးခိုင်းစေနေကြောင်း ပြည်သူများက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအချိန်အထိ အိမ်တွင် လူတစ်ဦး အမြဲရှိနေရမည်ဖြစ်ကြောင်း၊ ရှိနေရမည့်သူသည် အိမ်ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စု၏ အကြောင်းအရာများကို ဖြေဆိုနိုင်မည့်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် မပူးပေါင်းလျှင် အရေးယူခံရမည်ဟု ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပြောဆိုလာကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။

“မနေ့က ညနေပိုင်း စာရွက်လာပေးတယ်။ အိမ်မှာနေဖို့ သန်းခေါင်စာရင်းကောက်မှာဖြစ်လို့ နံနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း အိမ်မှာ လူတစ်ဦးရှိနေရမယ်။ မရှိရင် အရေးယူခံရမယ်ပြောတယ်။ ဘယ်လို အရေးယူမှာလို့တော့မပြောဘူး” ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ လာရောက်ပါကလည်း မေးခွန်းများကို သေချာစွာ မှန်မှန်ကန်ကန် ဖြေဆိုကြရန်၊ ကြည်ကြည်ဖြူဖြူနှင့် စိတ်ပါ လက်ပါ ဖြေဆိုကြရန် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက ဖိအားပေးနေကြောင်း သိရှိရသည်။

“မေးခွန်းတွေ မေးရင်လည်း မှန်မှန်ကန်ကန် ဖြေပေးဖို့။ ကြည်ကြည်ဖြူဖြူ ဖြေပေးဖို့။ မမှန်မကန်ဖြေတာမျိုးဆိုရင် အချက်အလက်တွေ လွဲသွားနိုင်တယ်ပေါ့။ ပြီးတော့ အိမ်မှာ မနေတော့တဲ့သူတွေကို သန်းခေါင်စာရင်းမှာ ဆက်ပြီး မထားတော့ဖို့လည်း ပြောတယ်” ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှ ပြည်သူက ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူမှုများသည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရေး မဲစာရင်း ပြုစုရန် အတွက်ပါ အရေးပါကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ပူးပေါင်းသူများကို အရေးယူမည်ဟု ထုတ်ပြန် ကြေညာထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *