ပုလဲမြို့နယ်ရှိ ဆည်များ စိုးရိမ်ရသည့်အခြေအနေမရှိသေးဟု ပအဖပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ရေကူတမံ၊ရေလှောင်တမံ စုစုပေါင်း ၅ ခုရှိသည့်အနက် မည်သည့်ဆည်မျှ စိုးရိမ်ရသည့်အခြေအနေမရှိသေးကြောင်း ပုလဲမြို့နယ်ပြည်သူ့အု​ပ်ချု​ပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူများက ပြောသည်။

ပုလဲမြို့နယ်ရှိ တောင်ယမားရေလှောင်တမံ၌ ဆည်ရေပြည့် ရေပိုလွှဲမှ ရေထွက်ရန် ၃ပေခန့် သာလို၍ CDM ဆည်မြောင်းဝန်ထမ်းများနှင့် ဆည်အား စောင့်ရှောက်နေသော ဒေသခံ ပြည်သူများ၏ အကြံဉာဏ်များဖြင့် ရေလွှတ်မြောင်းမကြီးမှ ဆည်ရေများစနစ်တကျ ထုတ်လွှတ်နေကြောင်း၊ စိုးရိမ်ရေအမှတ်ထိရေ မရောက်သေးသည့်အတွက် တောင်ယမားဆည် အောက်ဘက်နေပြည်သူများ ကောလဟာလ သတင်းများအားမယုံကြည်ရန် ပုလဲမြို့နယ် ပြည်သူ့အု​ပ်ချု​ပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“ပုလဲမှာက မိုးကသည်းသည်းထန်ထန်မရွာသေးဘူး။ ဆည်ရေအမှတ်တွေ​ကတော့ဒီအတိုင်းပါပဲ။ ရေလွှတ်မြောင်းတွေကတော့ ပုံမှန်ပဲလွှတ်နေပါတယ်။”ဟု ပုလဲမြို့နယ် ပြည်သူ့အု​ပ်ချု​ပ်ရေးအဖွဲ့မှ လူသားစာနာတာဝန်ခံက ပြောသည်။

ထို့အပြင် စိုးရိမ်ရသည့်အခြေအနေရှိပါက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် သက်ဆိုင်ရာ ဆည်မြောင်းကော်မတီတို့မှ ကြိုတင်အသိပေး ကြေညာပေးသွားမည်ဟု သိရသည်။

အောက်တိုဘာ၂ရက်မှ အောက်တိုဘာ ၆ရက်အတွင်း စစ်ကိုင်းတိုင်းအပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က စက်တင်ဘာ ၃၀ ရက်တွင် သတိပေးထားသည်။

Yagiမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပြည်သူသိန်းချီ ရေဘေးကြုံတွေ့နေပြီး သေဆုံးနှင့် ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စက်တင်ဘာလ ၂၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့် ရှိကြောင်း၊ အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပြီး လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲ၊ စစ်ကောင်စီ၏ သတင်းအမှောင်ချမှုများကြောင့် မြေပြင်၌ သေဆုံးသူအရေအတွက်သည် အထက်ပါပမာဏထက်များပြားကြောင်း ​ရေဘေးသင့်ပြည်သူများက ပြောသည်။

(ပုလဲမြို့နယ်ရှိ တောင်ယမားရေလှောင်တမံအားတွေ့ရစဥ်။ဓါတ်ပုံ-ပုလဲပအဖ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *