မအူပင်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် ခေါ်ယူစဉ် မသန်စွမ်းများပါဝင်နေသဖြင့်ထုချေလွှာတင်ရ

ဧရာဝတီတိုင်း၊ မအူပင်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် ခေါ်ယူစဉ် မသန်စွမ်းများပါဝင်နေ၍ စစ်မှုထမ်းခေါ်ယူသည့်ကော်မတအဖွဲ့ဝင်များ တိုင်းစစ်ကောင်စီထံ ထုချေလွှာပေးပို့ခဲ့ရကြောင်း သတင်းရရှိသည်။

မအူပင်မြို့နယ်တွင် အမှတ်(၁)ရပ်ကွက်မှ မသန်စွမ်းလူငယ် သုံးဦးကို စစ်သင်တန်းသို့အတင်းအကျပ်စေလွှတ်ခဲ့သဖြင့် မြို့နယ်စစ်မှုထမ်းခေါ်ဆောင်ရေးကော်မတီအဖွဲ့ဝင်များကို ထုချေလွှာတင်ရန် ညွှန်ကြားခဲ့ကြောင်း တိုင်းစစ်မှုထမ်းခေါ်ယူရေး ကော်မတီအဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

“ စစ်မှုထမ်းအပတ်စဉ် ငါးအတွက်ခေါ်တဲ့အထဲ မှာမသန်စွမ်းတွေစာရင်းပါနေတာကိုမပြောပဲနဲ့ အောက်ခြေရပ်ကျေးအဖွဲ့ဝင်တွေက အတင်းသင်တန်းလွှတ်တာပေါ့။ ဆေးစစ်ဖို့ပုသိမ်ရောက်တော့မှ မသန်စွမ်းတွေ ပါလာတာ။ ဘယ်ကနေလွှတ်တာလဲဆိုမှအမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ကောင်စီကလူတွေဖြစ်နေတာ။ အဲ့ဒါကြောင့် တိုင်းရုံးကနေ အတင်းပို့လိုက်တဲ့ကော်မတီအဖွဲ့ဝင်တွေကို ထုချေလွှာတင်ဖို့လျို့ဝှက်ညွှန်ကြားလိုက်တာဖြစ်တယ်”ဟု တိုင်းစစ်မှုထမ်းခေါ်ယူရေး ကော်မတီအဖွဲ့နှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

ထို့အပြင် ထုချေလွှာပေးပို့ရန်ညွှန်ကြားခံထားရသော အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်စစ်မှုထမ်းခေါ်ယူရေးကော်မတီအဖွဲ့ဝင်သုံးဦးကို စစ်မှုထမ်းခေါ်ယူရေးလုပ်ဆောင်မှုများကို ယာယီရပ်နားခံထားရသော်လည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား မဲစာရင်းကောက်ယူ၍ဆက်လက်လုပ်ဆောင်ရန် စေခိုင်းနေကြောင်းလည်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံက သိရသည်။

“ လောလောဆယ်အမှတ်(၁)ရပ်ကွက်အုပ်ကြီးကို စစ်မှုထမ်းနဲ့ပက်သက်ပြီးတော့ ဘာမှဆက်မလုပ်ဖို့ တိုင်းကနေလှမ်းတားထားတယ်။ ဒါပေမဲ့ သူကတော့ ဆက်လုပ်နေတုန်းပဲ။ သူကိုယ်တိုင်နာမည်မခံပဲနဲ့ ရာအိမ်မှူးတွေဆယ်အိမ်မှူးတွေကို ခေါင်းခံခိုင်းပြီးတော့ စာအိတ်ပိတ်လိုက်ခေါ်တာတွေ အခုထိဆက်လုပ်နေတယ်။ အုပ်ကြီးနဲ့အတူတူအတားခံရတဲ့မြို့နယ်ကော်မတီအဖွဲ့ဝင်တွေကလည်းအခုထိဆက်လုပ်နေတုန်းပါပဲ”ဟု အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအသိုင်းအဝန်းထံက သိရသည်။

အလားတူ မအူပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်ငါးခေါ်ယူရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်ကစ၍ မြို့နယ်စစ်မှုထမ်းခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ များမှမြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများရှိ နေအိမ်များအလိုက် ချိတ်ပိတ်စာအိတ်များပေးပို့ကာ လူငယ်များအားစစ်သင်တန်းတက်ရောက်ရန် အတင်းအကျပ်ခေါ်ယူမှုများရှိနေကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *