ချီဖွေမှာ ထိုးစစ်ဆင်နေစဉ် မြောက်ပိုင်းတိုင်းလေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်ကို မနေ့က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

မနေ့က မွန်းလွဲပိုင်းက နမ့်ပေါင်လေတပ်ထဲကို လက်နက်ကြီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖြစ်စဉ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကတဆင့် သိရှိရပါတယ်။

“နေ့လယ်ပိုင်းတုန်းက မြစ်ကြီးနားလေတပ်ထဲ (၂) လုံးကျကွဲတယ်။”လို့ ပြောပါတယ်။

ကချင်အထူးဒေသ – ၁ နယ်မြေအတွင်းက ချီဖွေ၊ ဆော့လော်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့အတွက် အနှောင့်အယှက်ပေးတဲ့သဘောနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ချီဖွေဝင်နေလို့ ပစ်ပေးတာ။” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လေတပ်ထဲ ပေါက်ကွဲမှုဖြစ်ပွါးပြီးနောက် ညနေ ၆ နာရီဝန်းကျင်မှာ မြစ်ကြီးနား တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးက ဆိုပါတယ်။

“ဝိုင်းမော်ဘက်ခြမ်းကို လေယာဉ်နဲ့ပစ်တာ။ မြစ်ကြီးနားဘက်ကတောင် လှမ်းမြင်နေရတယ်။”လို့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

မနေ့က မနက်ပိုင်းကစပြီး ကချင်အထူးဒေသ (၁) အတွင်းမှာ KIA နဲ့ ပူးပေါင်းအဖွဲ့က ချီဖွေဗျူဟာကုန်းနဲ့ ချီဖွေရဲစခန်းတို့အပြင် ရှငေါ်ကျေးရွာအထိုင်တပ်စခန်းတစ်ခု၊ ဆော့လော်ဗျူဟာကုန်း၊ ၄ မိုင် စုပေါင်းဂိတ်တို့ကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထိုးစစ်ဆင်နေတဲ့ စခန်းတွေအနက် ချီဖွေကာကင်းစခန်း၊ ၄ မိုင်စုပေါင်းဂိတ်နဲ့ ချီဖွေရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးတဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *