ဘုတလင်ပွဲ စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ

ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းရာ စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်ကပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကူတော်စခန်းမှ ထွက်လာသော အင်အား ၈၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ်ပကဖ၊ ပြည်သူ့ကာကွယ်​ရေး တပ်မ​တော်၊ မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းတိုပါဝင်သော မဟာမိတ်အင်အားစု ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးပြီး ၄၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ငယ် ၅၇ လက် ၊ ၆၀ မမ စိန်ပြောင်း ၂ ခု၊ ဒရုန်း ၂ စီးအပြင် ဂျန်ပါအကြီး ၁ ခုနှင့် ကျည် အများပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းစစ်တပ် စစ်ကြောင်းတစ်ခုလုံးကို အပြတ်ချေမှုန်းခဲ့သည်မှာ မြေပြန့်တွင် ပထမဆုံး တိုက်ပွဲ ဖြစ်ပြီး အတင်းအဓမ္မ စုဆောင်းထားပြီး ရှေ့တန်းကို ပို့ဆောင်ထားသည့် တပ်သားသစ်များနှင့် စစ်တိုက်ရန် အလုပ်မဖြစ်နိုင်ခြင်းကို ပြသနေကြောင်း ပကဖ သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *