KIA ၏ထိုးစစ် တစ်နှစ်နီးပါးအတွင်း မြို့ ၁၂မြို့ ၊ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်နှင့် နယ်မြေ၊ လမ်းကြောင်းများစွာ သိမ်းပိုက် ထိန်းချုပ်

ဝိုင်းမော်၊ ဖားကန့်မြို့နယ်များနှင့်ကန်ပိုက်တည်ရှိ စစ်တပ်စခန်းအများစုကိုလည်း သိမ်းပိုက်ထားပြီး စခန်းအချို့သာကျန်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီ စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများကို တဆင့်ပြီးတစ်ဆင့် ဖော်ဆောင်လာရာ တစ်နှစ်နီးပါးအတွင်း နယ်မြေများ၊ မြို့နှင့် စစ်ကောင်စီ တပ်ရင်းဌာနချုပ်၊ ဗျူဟာစခန်းများ၊ တပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။

တစ်နှစ်အတွင်းKIA သိမ်းပိုက်ထားနိုင်ခဲ့သည့် မြို့များမှာ ဆော့လော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး(၀ိုင်းမော်မြို့နယ်)၊ ဒေါ့ဖုန်းယန်(မိုးမောက်မြို့နယ်)၊ လွယ်ဂျယ်(မိုးမောက်မြို့နယ်)၊ ဆင်ဘို(မြစ်ကြီးနားမြို့နယ်)၊ မြို့လှ(ရွှေကူမြို့နယ်)မိုးမောက်၊ မံစီ၊ မဘိမ်း(ရှမ်းမြောက်) တို့ဖြစ်သည်။

၂၀၂၃ နှစ်လည်ပိုင်းတွင် KIO/KIAဌာနချုပ်လိုင်ဇာကို ဖိအားပေးရန် စစ်ကောင်စီက ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ဒေသကို တပ်ရင်း၊တပ်ဖွဲ့များစွာဖြင့် စစ်ကောင်စီက စတင်ထိုးစစ်ဆင်လာရာ အစပိုင်းတွင် KIAနှင့် ပူးပေါင်းတပ်များက ခုခံစစ်ပုံစံဖြင့် တုံ့ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီတပ်ရင်းများအား ဝိုင်းရံပိတ်ဆို့ ချေမှုန်း သည့် ဗျူဟာဖြင့် တုံ့ပြန်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

အထူးသဖြင့် ၂၀၂၄ မတ် ၇ ရက်စတင်​သော ၀၃၀၇ စစ်ဆင်​ရေး​နောက်ပိုင်း စစ်တပ်စခန်းများမြို့များကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာခြင်းဖြစ်သည်။

နန်ဆန်ယန်နှင့်ဆက်စပ်ဒေသ တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်သည့်အပြင် ၂၀၂၃ အောက်တိုဘာ ၉ရက်ညပိုင်းတွင် မုန်လိုင်ခတ် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် များ အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ရသည်။

ထို့နောက်ပိုင်းတွင် KIA အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်သည့် စစ်ဆင်ရေးများ ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှ စတင်ဖော်ဆောင်ခဲ့ရာ ယင်းနေ့၌ ရွှေကူမြို့နယ် ငဘတ်ကြီးစခန်းကို ဦးစွာသိမ်းပိုက်ခဲ့သည်။ ထို့နောက် မူဆယ်မြို့နယ် မုံးကိုးဒေသ ဝိန်းလားတောင်စခန်းကို အောက်တိုဘာ ၁၉ရက်၊ မိုးမောက်မြို့နယ် အောင်ဂျာ စစ်ကောင်စီ စခန်းကို အောက်တိုဘာ ၂၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ရှမ်းမြောက်ရှိ တပ်စခန်းအချို့ နှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းကြီးငယ် ၂၀၀ ကျော်၊ မြို့ များ နှင့် ဒေသများကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် နယ်စပ် ကုန်သွယ်ရေးလမ်း အချို့နှင့် စစ်ရေး၊ စီးပွားရေး အရ အချက်အချာကျသည့် လမ်းကြောင်း အချို့ကိုလည်း KIA က စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။

ယခု​နောက်ဆုံးအောက်တိုဘာ ၂ရက်က သိမ်းပိုက်နိုင်ခဲ့သည့် ဆော့လော်မြို့ နှင့် စက်တင်ဘာ ၂၉ရက်က သိမ်းပိုက်နိုင်ခဲ့သည့် ချီဖွေမြို့ အပါအဝင် KIA က သိမ်းပိုက်ခဲ့သည့် မြို့ ၁၂ မြိုရှိသည်။ ကချင်ပြည်နယ်ရှိမြို့ ၁၁မြို့၊ ရှမ်းမြောက်မဘိမ်းမြို့ တို့ဖြစ်သည်။ ထို့ပြင် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသကိုလည်း KIAက သိမ်းပိုက်ထားသည်။

ထို့ပြင် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို KIAက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖားကန့်ဗျူဟာစခန်းအပါအဝင် တပ်စခန်း ၆ခု သာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ဝိုင်းမော်မြို့နယ်တွင်လည်း ခလရ(၅၈) တပ်ရင်းသာ ကျန်တော့ပြီး ဝိုင်းမော်ရှိ အရေးပါသည့် ခလရ(၃၂၁) တပ်ရင်း အပါအဝင် တပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်သကဲ့သို့ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များစွာ နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားသည်။ ဩဂုတ် ၁၉ရက်က KIA သိမ်းပိုက်ခဲ့သည့် မိုးမောက်မြို့နယ် ခမရ(၄၃၇)တပ်ရင်းသည် ဗန်းမော်မြို့လုံခြုံရေးအတွက် အဓိက ကျသည့် တပ်ရင်းဌာနချုပ်ဖြစ်သည်။

KIAသည် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းရှိ စစ်ကောင်စီတ ပ်စခန်းအချို့ကိုလည်း KIAက သိမ်းပိုက်ခဲ့သည်။

KIA အနေဖြင့် လွယ်ဂျယ်ကဲ့သို့သော တရုတ် – မြန်မာ နယ်စပ် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်သကဲ့သို့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တည် နယ်စပ်မြို့ကိုလည်း မြို့​ပေါ်တွင်သာစစ်တပ်စခန်းကျန်​တော့ပြီး ဝိုင်းရံပိတ်ဆို့ထားသည့် အနေအထားမျိုးဖြင့်ဖိအားပေးထားသည်။

မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဗန်းမော် -လွယ်ဂျယ်လမ်း၊ ဝိုင်းမော်-ဆဒုံးလမ်း၊ မြစ်ကြီးနား -ပူတာအိုလမ်း ၊ ဖားကန့်လမ်း တို့အပါအဝင် ဒေသတွင်း အရေးပါသည့် လမ်းကြောင်းများကိုလည်း KIA က စိုးမိုးထိန်းချုပ်ထားသည်။

KIA အနေဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရာ၌ စစ်ကောင်စီသုံ့ပမ်းများစွာနှင့် လက်နက်ခဲယမ်းများစွာတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်ရရှိသည့် လက်နက်များအနက် ဟောင်ဝစ်ဇာအမျိုးအစား လက်နက်ကြီးများနှင့် စက်
သေနတ်ကြီးများအပါအဝင်ဗျူဟာမြောက် လက်
နက်များစွာလည်း ပါဝင်သည်။

ထို့ပြင် စစ်ကောင်စီတပ်၏ တင့်ကား၊ သံချပ်ကာယာဉ်များကို တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်သကဲ့သို့ စစ်ကောင်စီ လေယာဉ်နှင့်ရဟတ်ယာဉ် အချို့ကို ပစ်ချနိုင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၃ရက်တွင် လိုင်ဇာဌာနချုပ် အနီး နားဖေ့ာဒေသသို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIAက ပစ်ချခဲ့ရာ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။ ဇန်နဝါရီ ၁၆ရက် နမ့်ဖက်ကာတိုက်ပွဲတွင်လည်း စစ်ကောင်စီတိုက်လေယာဉ် ၁စီးကို KIA က ပစ်ချနိုင်ခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းစကလည်း မိုးမောက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ဖူးသည်။

ထို့ပြင် KIA သည် ကချင်ပြည်နယ်သို့ ရေကြောင်းမှ စစ်အင်အားဖြည့်ရန် ကြိုးစားလာသည့် ရေယာဉ်များကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလဆန်းက ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီ ရေယာဉ် ၂စီး၊ စက်တင်ဘာ ၁၇ရက်တွင် ရွှေကူ-ဗန်းမော်ကြား၌ စစ်ကောင်စီ ရေယာဉ်၊ သင်္ဘော ၆ စီး တို့ကို ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် KIAနှင့် စစ်ကောင်စီတို့သည်ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်၊ မိုးမောက်-ဗန်းမော်လမ်း တို့၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်သည် မိုးမောက်ခမရ(၄၃၇)တပ်ရင်း ကျပြီးနောက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူများ အသုံးပြုပြီး ခြေလျင်-တင့် ပူးတွဲစစ်ဆင်ရေးဖြင့် မိုးမောက်ဘက်သို့ ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။သို့ရာတွင် KIA၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အကြိမ်ကြိမ် တပ်ပြန်ဆုတ်နေကြရသည်။

“မြစ်ကြီးနား အခြေစိုက် (မပခ)၊ ဝိုင်းမော်မြို့၊ ဗန်းမော်မြို့၊ မံစီမြို့မှာ ရှိတဲ့ စခန်းတွေကိုတော့ အာဏာသိမ်း စကစ ဘက်ကနေ အပြင်းအထန် ခုခံတိုက်ခိုက်မယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် မြစ်ကြီးနား မပခနဲ့ ဗန်းမော်ခရိုင် မံစီကို ခံစစ်အတွက် သေချာပြင်ထားတဲ့ သဘောတွေ့ရပါတယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်ဆန်က ပြောသည်။

KIA အနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း စစ်ဆင်ရေးများ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)နှင့် အဓိက ပူးတွဲဆောင်ရွက်ခဲ့သည်။ တိုက်ပွဲအချို့ စစ်ဆင်ရေးအချို့တွင် ရက္ခိုင့်တပ်တော်(AA)၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကူညီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNA-Burma)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ နှင့် KIA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

(ကချင်ပြည်နယ်တွင် KIA သိမ်းပိုက်ထား​သောမြို့များပြအင်ဖိုဂရပ်ဖစ် နှင့် မြို့သိမ်းတိုက်ပွဲများ၂၀၂၄ ခုနှစ်အတွင်း ဆက်တိုက်ဆင်နွဲ​နေသော KIAမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KIA ၊ CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *