ပွင့်ဖြူမြို့ပေါ်မှာ စစ်ကောင်စီကလုံခြုံရေးမပေးနိုင်လို့ သန်းခေါင်စာရင်းကောက်သူတွေကြောက်လန့်နေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့ပေါ်မှာ အောက်တိုဘာ ၁ ရက်ကစတင်ကာ သန်းခေါင်စာရင်းကောက်ယူနေပြီး စာရင်းကောက်သူ အင်အားနည်းပါးတာအပြင် စစ်ကောင်စီဘက်ကလည်း လုံခြုံရေးမပေးနိုင် တာကြောင့် စိုးရိမ်နေကြတယ်လို့ စာရင်းကောက်အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ တဖွဲ့ကို သင်တန်းပေးထားသူ ၂ ဦး၊ ရပ်ကျေးစာရေး ၁ ဦး (သို့) လမ်းမှူး ၁ ဦး စုစုပေါင်း ၄ ဦးဝန်းကျင်လောက်သာနဲ့ အဖွဲ့ပေါင်း ၁၅ ဖွဲ့လောက်က နေရာခွဲပြီး စာရင်းကောက်ယူနေကာ စစ်ကောင်စီဘက်ကလည်း လုံခြုံရေးလိုက်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“သူတို့ကိုခိုင်းတဲ့သူတွေက လူမရှိလို့ လုံခြုံရေးမပေးနိုင်ဘူးပြောတယ်။ ကောက်တော့ကောက်ခိုင်းပြီး လုံခြုံမှုမပေးနိုင်တော့ ကောက်တဲ့သူတွေကလည်း ကြောက်နေကြတယ်။ ခုစာရင်းကောက်နေတာ တပ်နဲ့ရဲကတယောက်မှ မလိုက်ပေးဘူး”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့ဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေဘက်က ရံဖန်ရံခါမှသာ ဝင်ထွက်သွားလာပြီး မစ်ရှင်ဖော်ဆောင်တာတွေရှိတတ်တယ်လို့ သိရပါတယ်။

စာရင်းကောက်သူတွေထဲမှာ ပညာရေးဝန်ထမ်းအများစုပါဝင်ပြီး စာရင်းမကောက်ချင်သူတွေကိုလည်း မြို့နယ်ထွေအုပ်နဲ့ ပညာရေးမှူးကဖိအားပေးတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“(စာရင်းကောက်သူတွေက) ကြောက်ကြတယ်။ မလုပ်ဘူးဆိုတော့လည်း ပညာရေးမှူးကဖိအား ပေးတယ်။ အဲ့တော့အုပ်ကြီးတွေကို အကူအညီတောင်းတော့။ အုပ်ကြီးကလည်း လူငှားထည့်ပေးတောင် လိုက်သူမရှိကြဘူး”လို့ သူက ဆက်ပြောပါတယ်။

တချို့ စာရင်းမကောက်ချင်တဲ့ ကျောင်းဆရာမတွေကိုတော့ မိသားစုကိုအရေးယူမယ်လို့ ဖိအားပေးပြီး ရပ်ကွက်ထဲက စေတနာ့ဝန်ထမ်းအဖြစ် ခေါ်ယူစာရင်းကောက်ခိုင်းသူတွေကိုတော့ အုပ်ချုပ်ရေးမှူးတွေက PDF နဲ့ပက်သက်တယ်ဆိုကာ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း အပြီးကောက်ယူသွားဖို့စီစဥ်နေတာပါ။

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း ၁ သိန်း ၁ သောင်းခန့်ရှိနေလို့ စာရင်းစစ်၊ စာရင်းကောက်သူ ၄၂၀၀၀ ဝန်းကျင်နဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့ သန်းခေါင်စာ ရင်း ကောက်ယူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး စစ်ကောင်စီကထုတ်ပြန်ကြေညာထားပါတယ်။

ပွင့်ဖြူမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပါဝင်ကူညီသူတွေကို စစ်ကောင်စီ အားပေး ထောက်ခံသူတွေလို့သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း စက်တင်ဘာလ ၂၅ ရက်မှာ ပွင့်ဖြူမြို့နယ်ပကဖက သတိပေးချက်ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ – ပွင့်ဖြူမြို့တွင် သန်းခေါင်စာရင်းကောက်ယူမည့်သူများကို သင်တန်းပေးနေစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *