ရေဦးမြို့မ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ စစ်အုပ်စု လေးယောက် သေပြီး လိုင်းခန်း မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းကို အောက်တိုဘာလ ၂ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ က ဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စု လေးယောက်သေပြီး စခန်းအတွင်းရှိ လူနေလိုင်းခန်းတွေ မီးလောင် ပျက်စီးသွားခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း – ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေဦး မြို့ မရဲစခန်းထဲကို Fixed Wing Drone တွေနဲ့ ဗုံးသီး ခြောက်လုံး ကြဲချတိုက်ခိုက်ရာ စခန်းအတွင်းရှိ လိုင်းခန်းပေါ် ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်အုပ်စု လေးယောက် သေဆုံးပြီး ခြောက်ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လိုင်းခန်းမီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကနေ့ နေ့လယ်ပိုင်းက (ရဲစခန်းကို)ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါဗျ။ ဗုံးသီးက စခန်းထဲက နယ်ထိန်း အိမ် ပေါ်မှာကျတာ။ သေတာကတော့ စခန်းထဲက ရဲလား၊ ပျူလားတော့ မသိရသေးဘူး။ လေးယောက်သေတာ မှန်ပါ တယ်ဗျ။ ရဲစခန်းထဲက လိုင်းခန်း မီးလောင်သွားတယ်လို့ သိရတယ်ဗျ။ လက်ရှိမှာတော့ တိုင်းရင်းဆေးရုံထဲက လက် နက်ကြီးနဲ့ ရမ်းသမ်းထုနေတယ်”လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်အဆင့်ဖြစ်တဲ့ ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက မြို့မရဲစခန်း၊ စာသင်ကျောင်း၊ တိုင်းရင်းဆေးရုံ၊ မူးမြစ်ကူးတံတား အနီး ကြာဖူးဝိုင်း အထိုင်ဂိတ်၊ မြို့ အဝင် အထွက် ဂိတ်စခန်း စတဲ့ နေရာတွေမှာ စုစုပေါင်း အင်အား ၃၀၀ ကျော်နဲ့ အ ထိုင်ချတပ်စွဲထားပြီး အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ရွာစဉ်ပတ်မွှေ လူ သတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေဦးမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းဗုံးသီးချ တိုက်ခိုက်နေစဉ်/ ဓာတ်ပုံ- ရေဦးမြို့နယ်-ပကဖ


Comments

Leave a Reply

Your email address will not be published. Required fields are marked *