နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Miss Grand International(MGI) ပြိုင်ပွဲအပြီးတွင် မြန်မာအလှမယ် နှင့် National Directorတို့၏ အပြုအမှုအ​ပေါ် နိုင်ငံတကာမှ ပြိုင်ပွဲ ပရိတ်သတ်များက အပြင်းအထန် ​ဝေဖန်​နေကြသည်။

ပြိုင်ပွဲတွင် တတိယဆု (Second runner up)ရပြီး မ​ကျေမနပ်ဖြစ်​​နေ​သော MGI အတွက် မြန်မာနိုင်ငံNational Director ထူးအံ့လွင်က မြန်မာအလှမယ်စင်ပေါ်မှဆင်းလာစဥ်ခေါင်းပေါ်မှ တတိယဆု အတွက်​ပေး​​သော သရဖူကို ​ဒေါသတကြီးဖြုတ်ချခဲ့သည်။ ထို့အပြင် စလွယ်ကိုလည်း အတင်းဆွဲဖြုတ်ခဲ့သည်ကို အွန်လိုင်း၌ တင်ထားသည့် ဗီဒီယိုများ၌ တွေ့မြင်ရသည်။

ထို့​နောက် အလှမယ်ကို ပွဲမှအပြင်သို့အ​လောတကြီး ဆွဲ​​ခေါ်သွားပြီး ငို​နေ​သော အလှမယ်ကိုဓါတ်ပုံ ၊ဗီဒီယို ရိုက်​နေသည်ကိုလည်း ထူးအံလွင်က “အဲကင်မရာ ပိတ်ထားစမ်း”ဟု​အော်ဟစ်တားဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖြစ်အပျက်အပျက်များကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲများနှင့်ပတ်သက်၍ အသား​ပေး​ဖော်ပြ​ပေး နေသည့် Missology ဖေ့စ်ဘွတ်ခ်၌ ​ဖော်ပြပြီး နိုင်ငံတကာမှ ပရိတ်သတ်များက မြန်မာကိုပြင်းပြင်းထန်ထန် ​ဝေဖန်ပစ်တင်​နေကြခြင်းဖြစ်သည်။

“မြန်မာ ဒါရိုက်တာ နဲ့ မိန်းက​လေးတို့က အရှုံးကိုဘယ်လိုကိုင်တွယ်ရမှန်းမသိရင် ​နောင်ဘယ်ပြိုင်ပွဲမှ သူတို့ဝင်မပြိုင်တာ​ကောင်းပါတယ် ။ ဘယ်သူမဆို ကိုယ်နိုင်ငံအလှမယ် ဆုမရရင် ဝမ်းနည်းတက်ကြတာပါပဲ။ဒါ​ပေမယ့် အိန္ဒိယအလှမယ်က ထိုက်ထိုက်တန်တန်ရတာငါ​သေချာ​ပြောရဲတယ် “ဟု Xiong Mai အမည်ရှိ ပရိတ်သတ်တစ်ဦးကမှတ်ချက်ပြုသည်။

Ningthem Mangangcha အမည်ရှိ ပရိတ်သတ် တစ်ဦးကလည်း “သူသာဆုရသွားမယ်ဆိုရင် စဥ်းစားသာကြည့်​ပေ​တော့ ။အဖွဲ့အစည်းလည်း သူ့ရဲ့ ရုန်ရင်းဆန်ခက် ဒရာမာ​တွေနဲ့ အ​တော်ကိုရိုကားယားဖြစ်သွားမှာ ။ပြီး​တော့ ဒါကပထမဆုံးအကြိမ်လည်းမဟုတ်ဘူး ။ National Costume ပွဲတုန်းကလည်းအခုလိုပဲ ။ဒါ​ပေမယ့် ငါတို့ကသူနဲ့ပတ်သက်ပြီး ဘာစာနာမှုမှ မ​ပေးနိုင်ဘူး ဘာလို့လည်းဆို​တော့ သူက သူ့နိုင်ငံကို အပြည့်အဝ ကိုယ်စားပြုနိုင်သူမဟုတ်လို့ပဲ ။ ဒါ​ပေမယ့် အခုဟာကြီးက​တော့အ​တော်များတယ်”ဟု ​ရေးသားမှတ်ချက်​ပြုသည်။

“ဒီလို အမူအကျင့်နဲ့က​တော့ ဘယ်လိုဆုမှမရဘူး”ဟု ပရိတ်သတ်တစ်ဦးကလည်းမှတ်ချက်ပြုသည်။

နိုင်ငံတကာ ပရိတ်သတ် အများစုက အရှူံးကိုလက်မခံနိုင်သည့် National Director နှင့် အသက်ငယ်ရွယ်သော‌ ကြောင့် ခံစားမှုကို မထိန်းနိုင်သည့်အလှမယ်ဟု မြန်မာကို တံဆပ်ကပ်ထားကြသည်။

“အ​ဖြေကပလက်စတစ်တဲ့။ငါတို့ဘာ​မျှော်လင့်နိုင်မှာလဲ ။အရှုံးသမား”ဟု Princess Rivera အမည်ရှိ​ဖေစ်ဘွတ် သုံးစွဲသူကလည်း​​ ပြောသည်။

နောက်ဆုံးအဆင့်ဆန်ခါတင်ငါးဦးက ကမ္ဘာပေါ်မှာ စိုးရိမ်စရာအကောင်းဆုံး ပြဿနာနှင့်ပတ်သက်၍ ဖြေဆိုရသည့် အချိန်တွင် မြန်မာအလှမယ်က ပလက်စတစ်ပြဿနာကိုရွေးချယ်‌ ပြောကြားခဲ့ခြင်းဖြစ်သည်။ Stop the W‌ar and Violence ကို ရည်ရွယ်သည့် ပြိုင်ပွဲတွင် အလှမယ်များ၏ ဖြေဆိုသည့်အကြောင်းအရာ များသည် အဓိကကျသည်ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက သုံးသပ်ထားသည်။

ထူးအံ့လွင်က ပြိုင်ပွဲပြီးပြီးချင်းတွင် ၎င်း၏ ​ဖေစ်ဘွခ်၌ Cooking Show (လုပ်ပွဲ ) ဟု​​ရေးသားခဲ့သလို ၊Bye Forever ဟုလည်း​ရေးသားခဲ့သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ Miss Grand International ၏ ပိုင်ရှင် နှင့် ရင်းနှီးသူတစ်ဦးက ဆုလိုချင်ပါက လာဘ်ထိုးရန် ကမ်းလှမ်းခဲ့သည်ဟု Live လွှင့်ပြောခဲ့​သေးသည်။

သို့သော်လည်း ၎င်းဘက်မှ လက်မခံခဲ့သောကြောင့် ပြိုင်ပွဲမှပေးအပ်သည့် ဆုများတွင် မြန်မာကိုချန်လှပ်ခြင်းဖြစ်နိုင်သည်ဟုလည်းဆိုသည်။

National Costumeနှင့်ပတ်သက်၍လည်း ယခင်နှစ်များက Voting အများဆုံးဝတ်စုံကို ဆုပေးလေ့ရှိသော်လည်း ယခုနှစ်တွင် Voting အများဆုံးရရှိသည့် မြန်မာဝတ်စုံကို ချန်လှပ်ခဲ့သည်ဟု ၎င်းကစွပ်စွဲထားသည်။

​အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းတွင်လည်း မီဒီယာများနှင့် အင်တာဗျူးတွင် သရဖူကို ပြန်အပ်မည်ဖြစ်သလို Miss Grand နှင့်ဆက်လက်လက်တွဲလုပ်ဆောင်‌တော့မည်မဟုတ်ကြောင်း ထူးအံ့လွင်က ဖြေကြားထားသည်။

Miss Grand International ပြိုင်ပွဲတွင် ၇၅ နိုင်ငံမှ အလှမယ်များ အနက်မြန်မာက တတိယဆုရရှိခဲ့ခြင်းဖြစ်သောကြောင့် ယင်းနေရာကိုကျေနပ်သင့်ကြောင်းပရိတ်သတ်အချို့ကလည်းထောက်ပြသည်။

နောက်တစ်ကြိမ် ပြိုင်ပွဲသို့စေလွှတ်ပါက အတွေ့အကြုံပြည့်ဝမှု ၊ ရင့်ကျက်မှု စသည့်အရာများနှင့်ပြည့်စုံသူကို ရွေးချယ်သင့်ကြောင်းပရိတ်သတ် အချို့ကလည်း အကြံပြုထားသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာသည် အဓိကဆုမရရှိခဲ့သည့်အပြင် Votingအတွက် သိန်းထောင် နှင့်ချီ၍လည်း ဆုံးရှူံးခဲ့သည်။

Voting နှင့်ပေးသည့် ဆုကို အင်ဒိုနီးရှားအလှမယ်က ရရှိခဲ့ပြီး Votingအများဆုံးရရှိသည့် National Costume ကို ပြိုင်ပွဲဘက်မှဆုရွေးချယ်ခြင်းမခံခဲ့ရပေ။

ယင်းပြိုင်ပွဲတွင် မြန်မာဆုမရသောကြောင့်​​ပေါက်ကွဲသူများတွင် စစ်ကောင်စီထောက်ခံသူအများအပြားကိုလည်း တွေ့မြင်ခဲ့ရသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များ၌ ယင်း ပြိုင်ပွဲအပြီးတွင် Miss Grand International နှင့်သက်ဆိုင်သည့် ပေ့ခ်ျများကို Unfollow ပြုလုပ်ရန် တောင်းဆိုကြသည်။

ဆုရ​သောအလှမယ်နှင့် MGI မ​ကောင်း​ကြောင်းကိုလည်းဆက်တိုက်​ရေးသားဝါဒဖြန့်ခဲ့သည်ကို​တွေ့ရသည်။

ပြိုင်ပွဲပြုလုပ်​နေချိန်တွင် နိုင်ငံအတွက်ဟု ခေါင်းစဉ်တပ်ထားကြသူအများစုကလည်း ပွဲပြီးဆုမရ​​သောအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးမကောင်းသောကြောင့်ဆုမပေးခြင်းဖြစ်နိုင်သည်ဟုအကြောင်းပြလာသည်။

ယင်းကဲ့သို့ အကြောင်းပြလာသူများသည် ယခင်ကတည်းက နိုင်ငံရေးမကောင်းသည်ကို မသိကျိုးကျွံပြုနေသူများဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့ကမှတ်ချက်ရေးသားထားသည်။

ယခုနှစ် Miss Grand International ပြိုင်ပွဲစတင်ချိန်ကတည်းက နိုင်ငံအ‌ခြေအနေကို မျက်ကွယ်ပြုကာ ထူးအံ့လွင်ကိုယ်တိုင်ဦးဆောင်၍ ငွေကြေးဖြင့် Voting ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

တော်လှန်ရေးအင်အားစုများဘက်ကလည်း နိုင်ငံကိုယ်စားပြုဟု ခံယူထားပါက ကိုယ့်နိုင်ငံတွင် ဖြစ်နေသည့် အကြောင်းအရာကို နိုင်ငံတကာစင်မြင့်တွင် ပြောပေးသင့်ကြောင်း ထောက်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ နှစ်စဉ်စေလွှတ်ယှဉ်ပြိုင်ခြင်းရှိသော်လည်းနိုင်ငံတကာစင်မြင့်၌ကိုယ့်နိုင်ငံအကြောင်းပြောကြားဖူးသူမှာ သူဇာဝင့်လွင် နှင့်ဟန်လေးတို့ နှစ်ဦးသာရှိသည်။

ပြိုင်ပွဲတွင်သရဖူဆု မရသဖြင့် အလှမယ် နှင့် National Director တို့၏ အပြုအမူများနှင့် ပတ်သက်၍ “အခုချိန်ထိဒရာမာ​တွေ ရိုက်​နေတုန်းလား” ဟု ပရိတ်သတ်တစ်ဦး က​ပြောသည်။

“မြန်မာပြည်က ​နောက်ထပ် ဒရာမာတစ်ခု”ဟုနိုင်ငံတကာပရိတ်သတ်တစ်ဦးက​လည်း​ရေးသားသည်။

ရုပ်သံ- Missology


Comments

Leave a Reply

Your email address will not be published. Required fields are marked *