ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၆ ရက်​မြောက်​​နေ့ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ KIA ထပ်မံသိမ်းပိုက်

လေကြောင်းတိုက်ခိုက်မှု၊ ဝေဟင်ထောက်ပံ့မှု စစ်ကောင်စီ အားပြုခုခံ​​နေ

ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲ ၆ရက်မြောက်နေ့ဖြစ်သည့် ယနေ့
(ဒီဇင်ဘာ ၉ရက်)တွင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဒီဇင်ဘာ ၄ရက်မှ စတင်ခဲ့သည့် ဗန်းမော်မြို့နှင့် မံစီမြို့နယ်မှလက်ကျန်စစ်စခန်းများသိမ်းပိုက်နိုင်ရေး KIA၏ ထိုးစစ်တွင် စစ်ကောင်စီ ကာကင်းစခန်းများ အပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများစွာကို သိမ်းပိုက်ထားပြီး ရဲစခန်း၊ လေယာဉ်ကွင်း အနီးနှင့် စကခ-၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)နေရာအနီးအပါအဝင် ဗန်းမော်မြို့တွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်​နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ဒီဇင်ဘာ ၉ ရက်တွင် ဗန်း​မော် တက္ကသိုလ်နယ်မြေ ရန်သူတပ်စွဲနေရာကို သိမ်းပိုက်နိုင်သကဲ့သို့ ဗန်းမော်-မိုးမောက်ကြား ၆မိုင်နေရာတွင် ခဲယမ်းများ ဆက်လက်သိမ်းဆည်းနိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ဗန်းမော်မြို့တွင်းဆက်ရှင်းနေ။ မံစီတပ်၃ခုအားပိတ်ဆို့ထိန်းချုပ်ထား။ရန်သူမှ ၀ေဟင်ထောက်ပံ့မှုလေကြောင်း တိုက်ခိုက်မှုအားပြုနေဆဲ။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေကြောင်း ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ဒေသခံများကို ကိုးကား၍ ပြောကြားသည်။

“စကစ က တရုတ်ထုတ် ဒရုန်းလက်နက်အပြင် လေကြောင်းဖြင့် ခုခံကာကွယ်နေဆဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေများအရ KIAက ဗန်းမော်ကို သိမ်းပိုက်နိုင်မည့်အလားအလာရှိသည်ဟုလည်း ဦးဇော်ဆန်က ပြောသည်။

“KIA ဘက်ကတော့ ဗန်းမော် ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနား၊ဖားကန့် ဒီ ၄ နေရာကို မရရအောင် တိုက်ယူလာမယ်လို့ ခန့်မှန်းပါတယ်။ စကစရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုတွေကို ပြည်သူများ အထူးသတိ ရှိကြဖို့ လိုပါတယ်” ဟုဦးဇော်ဆန်က ပြောသည်။

ဗန်းမော်မြို့ တိုက်ပွဲအတွင်း လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး ဒေသခံပြည်သူ​သောင်းနှင့်ချီ၍ စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်ညတွင် စစ်​ကောင်စီက ဗန်း​မော်မြို့ကို ဖျက်အားပြင်းဗုံးများကြဲ​နေ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် တရုတ်အစိုးရကလည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA ဦး​ဆောင်​သော မဟာမိတ်တပ်များက စစ်တပ်အာဏာသိမ်းပြီး​နောက် ကချင် ပြည်နယ်တွင် အနည်းဆုံးမြို့​ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *