ဖားကန့် နမ့်မှော်ရွာနွံကန်ပေါက်ကျ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာ၌ ယနေ့(မတ်လ ၂၁ ရက်) နံနက် ၈ နာရီအချိန်ခန့်က ကျောက်လုပ်ကွက်တခုမှ နွံကန်ပေါက်ကျကာ ရွှံ့နွံများ ရွာလမ်းမအတိုင်း ရွာထဲသို့ စီးဝင်နေသည်။

ရွှံ့နွံစီးကြောင်းသည် ရွာအတွင်းရှိ နေအိမ်နှင့် ခြံဝင်းများကိုလည်း တိုက်စားမှုရှိနေပြီး နံနက် ၁၀ နာရီခန့်အချိန်တွင်ဒေသခံလူမှုကူညီရေးအဖွဲ့များက စက်ယန္တရားအကူအညီဖြင့် ရှင်းလင်းဖယ်ရှားမှု စတင်ပြုလုပ်သည်။ ဒေသခံများသည် ဘေးကင်းရာသို့ ထွက်ခွာနေကြောင်း သိရသည်။

“လူထိခိုက်မှု မရှိပါဘူးဗျ” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ပြောသည်။

ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးပေ။ ရွံ့နွံများစီးဆင်းနေဆဲဖြစ်သည့်အတွက် ရွာအတွင်း တနေရာနှင့်တနေရာသွားလာရန် အခက်ကြုံနေကြကြောင်းလည်းသိရသည်။

ဖားကန့်၌ နွံကန်ပေါက်ကျမှု၊ မြေစာပုံပြိုကျမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်ရခြင်းသည် အတိုင်းအဆမဲ့ သယံဇာတတူးဖော်ခြင်းများ၏ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရခြင်းဟု ဒေသခံများကထောက်ပြကြသည်။ ယခု နွံကန်ပေါက်ကျမှုနှင့်ပတ်သက်၍လည်း ဒေသခံများကြား ဝေဖန်မှုမြင့်တက် နေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဖားကန့်မြို့နယ်၊စပေါ့ကျေးရွာရှိ ကျောက်စိမ်းတွင်းဟောင်းတခု၏ နွံကန်ပေါက်ကျ၍ သေဆုံးသူ ၃၂ ဦးရှိခဲ့သည်။ ယနေ့ ပေါက်ကျသည့် နွံကန်နှင့်ပတ်သက်၍ ရွာခံများ ဘေးကင်းသည်အထိ ကြိုတင်ကာကွယ်ရေးဆက်လက်လုပ်ဆောင်ပေးရန် ဒေသခံများက လိုလားနေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top