စစ်ကောင်စီဂိတ်များ တနေ့လျှင်သိန်းထောင်ချီ​ငွေရှာ​နေ

ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက်ရှိ စစ်ကောင်စီဂိတ်များ တနေ့လျှင်သိန်းထောင်ချီ​ငွေရှာ​နေ

ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင် တနေ့ သိန်း ၂၀၀ ရအောင် ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။

အာဏာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်သည့်စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူသော ငွေကြေးသည်နေ့စဉ်သိန်းထောင်ချီရရှိနေ​ကြောင်းပန်တိုင်ဂိတ်မှ ခိုက်ရန်ဖြစ်ပွားပြီး မကြာသေးမီက အလုပ်ထွက်ခဲ့ရသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

“ကားအစီးရေ သောင်းချီဖြတ်နေတဲ့လမ်း။ တစ်စီးကို ၁၀၀၀ ကနေ ၅၀၀၀ တောင်းတယ်။ ဒါကပုံမှန်။ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့မပါရင်သောင်းချီ‌ငွေညှစ်တာ။ ပန်တိုင်ဂိတ်က တနေ့ကိုသိန်း ၂၀၀ အပ်ရတယ်” ဟုအဆိုပါဝန်ထမ်းဟောင်းကပြောသည်။

ပန်တိုင်ဂိတ်သည် ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတွင် အကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်သည်။ ခရီးသွားများအားစစ်ဆေးရာတွင် ပျုစောထီးများကို အဓိကအသုံးပြုပြီးရဲ နှင့် စစ်တပ်က စောင့်ကြည့်ရေးတာဝန်ယူသည်။

အိမ်စီးကားနှင့်ခရီးသွားကားများမှယာဉ်မောင်းများကလက်သိပ်ထိုးပေးသောငွေကိုရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကယူသည်။ ကျန်ဌာနဆိုင်ရာကိုထမ်းများကပြေစာဖြင့် ငွေကောက်ခံသည်။ ဥပဒေမဲ့ငွေတောင်းမှာကတိုင်ကြားရန် ဗီနိုင်းဖြင့် စာကပ်ထားသော်လည်း စစ်ကောင်စီဝန်ထမ်းများမှာ အတိုင်အဖောက်ညီစွာဖြင့် ကားများထံမှ ငွေတောင်းယူနေ​ကြောင်း ခရီးသွားအချို့ နှင့် အထက်ပါဝန်ထမ်း​ဟောင်းက​ပြောသည်။

“လုံးဝ မသထာဘူး။ ဒါပေမယ့် မပေးတဲ့ကားဆိုမှတ်ထားပြီး အရမ်းရစ်တာ။ကိုယ့်ကိုယ်ကိုယ် သတောင်းစားဖြစ်လို့ဖြစ်မှန်းမသိတဲ့ကောင်တွေ” ဟု ရန်ကုန်-ပုသိမ်ခရီးသွားတစ်ဦးကပြောသည်။

ပန်တိုင်ဂိတ် နှင့် ရန်ကုန် -ပုသိမ် -ဟင်္သာတလမ်းခွဲဖြစ်သော ဗိုလ်မြတ်ထွန်းတံတားအထိစစ်ဆေးရေးဂိတ် ငါးခုရှိသည်။ ထိုအပြင် အဆိုပါတံတားမှ ပုသိမ်မြို့အထိ ပန်းတနော်၊ ကျောင်းကုန်းစသည့်မြို့များကိုဖြတ်ပြီး စစ်ဆေးရေးဂိတ် ငါးခုရှိသည်။ တံတားမှ ဟင်္သာတမြို့အထိ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကိုဖြတ်၍ စစ်ဆေးရေးဂိတ် ငါးခုရှိသည်။

မကြာသေးမီက ဗိုလ်မြတ်ထွန်းတံတားစစ်ဆေးရေးဂိတ်တွင်ပုသိမ်တို့သွားမည့်ကားတစ်စီးက ရဲတစ်ဦးအား ငွေ၂၀၀ ကျပ်ပေးရာ ၎င်းအားအရှက်ခွဲသည်ဆိုပြီး ရဲတပ်ဖွဲ့ဝင်က ယာဉ်မောင်းကို ခြိမ်းခြောက်ပြီးကားဖိအား​ပေးစစ်ဆေးခဲ့သည်။

အဆိုပါဂိတ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွင့်လိုက်ခြင်းဖြစ်သည်။ ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်‌ဆေးပြီး သံသယရှိသူများကိုဖမ်းဆီးခဲ့သည်။ ၂၀၂၃ခုနှစ်တွင် ဂိတ်အချို့ကိုပြန်ရုပ်သိမ်းခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်းတိုက်ပွဲများဖြစ်ပြီးနောက်ဂိတ်များကိုပြန်ဖွင့်၍ စစ်ဆေးမှုများတင်းကျပ်နေခြင်းဖြစ်သည်။

လုံခြုံရေးအကြောင်းပြ၍စစ်ဆေးပြီး ကားသမားများခရီးသွားများထံမှငွေကြေးခြိမ်းခြောက်တောင်းယူနေကြခြင်းဖြစ်သည်ဟု ခရီးသွားများက​ပြောသည်။

၂၀၂၃ခုနှစ်တွင် ဟင်္သာတမြို့မှစစ်ဆေးရေးအဖွဲ့ မိုင်ခွဲတိုက်ခိုက်ခံခဲ့ရသည်မှလွဲ၍ ရန်ကုန်-ဧရာဝတီအဝေးပြေးကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတိုက်ခိုက်ခံရခြင်းမရှိခဲ့ဖူးပေ။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်မြို့အပါအဝင် ၂၆မြို့နယ်ရှိပြီး ရေလမ်းရော ကုန်လမ်းမှပါ ရန်ကုန်တိုင်းနှင့်ဆက်သွယ်ထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်ဆက်စပ်ဧရိယာများတွင် အာရက္ခတပ်တော်(AA) နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top