ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညအချိန် သွားလာခွင့်များ ကန့်သတ်လိုက်ပြီး ပစ်မိန့်ပေးထား
ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညအချိန် သွားလာခွင့်များ ကန့်သတ်လိုက်ပြီး ပစ်မိန့်ပေးထားကြောင်း စုံစမ်းသိရှိရသည်။
မတ်လ ၂၀ ရက်နေ့ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် လမ်းပိုင်း၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ရန်ကုန်-ပြည် ကားလမ်းပိုင်းကို ညအချိန် သွားလာခွင့်များ ကန့်သတ်လိုက်ပြီး စစ်တပ် ဂိတ်များကို ည ၆ နာရီ မှ နံနက် ၆ နာရီ အတွင်း ပြည်သူများ သွားလာခွင့် ပိတ်ပင်လိုက်ကာ မသင်္ကာပါက ပစ်ခတ်မှုများ လုပ်ဆောင်နိုင်ပြီး ပစ်မိန့်ပါ ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ခိုက်ခံရမှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ထွက်ပြေးသည်ကို စစ်တပ် အရာရှိများက ဒေါသထွက်နေပြီး မင်းလှမြို့နယ် ထွေ/အုပ်ရုံးမှ ဗိုလ်ကြီး ၁ ဦးကို တာဝန် ဝတ္တရား ပေါ့လျှော့မှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်ရင်းတွင်လည်း PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်မည်ကို ကြောက်လန့်ပြီး တပ်ရင်း ပတ်ပတ်လည်လည်တွင် ကင်းတဲများ ဆောက်လုပ်နေပြီး မြို့ပေါ်တွင်လည်း ဘန်ကာများ ထပ်တိုး လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ရန်ကုန်-ပြည် ကားလမ်းမှာရှိတဲ့ စစ်ခွေး ဂိတ်တွေကို ည ၆ နာရီကနေ နံနက် ၆ နာရီ အတွင်း ပြည်သူတွေ သွားလာခွင့် ပိတ်ပင်လိုက်ပါပြီ စစ်ခွေးတွေက မသင်္ကာရင် ပစ်ခတ်လို့ရတယ်လို့ ပစ်မိန့်ပါ ပေးထားတယ်လို့ သိရတယ်။ စစ်ကွင်းဂိတ် တိုက်ခံရပြီးတော့ အကုန်ကြောက်နေတာ စစ်ခွေးတွေ အင်အားမတိုးနိုင်လို့ ပျူခွေးတွေကို အင်အားတွေ တိုးချထားတယ်။ နောက်ပြီး တာဝန်ဝတ္တရား ပေါ့လျှော့မှုနဲ့ ထွေ/အုပ်ရုံးက စစ်ခွေး ဗိုလ်ကြီး ၁ ကောင်လည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သိရတယ်။ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ ကိုလည်း PDF တပ်က လာတိုက်မှာ ကြောက်လို့ တပ်ပတ်ပတ်လည်မှာ ကင်းတဲတွေ ဆောက်နေကြတယ်။ စစ်ကွင်းမြို့ပေါ်မှာလည်း ခံစစ်တွေ ပြင်နေပြီ” ဟု ဒေသအုပ်ချုပ်ရေးနှင့်တိုက်ရိုက် ဆက်စပ်နေသော သတင်းရင်းမြစ်ကပြောဆိုသည်။