ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း၂၉ လမ်းနှင့်လမ်း ၃၀ ကြားရှိ တိတ်ရှိန်ရွှေဆိုင်မှာ ယနေ့နံနက်ပိုင်း၌ ဓားပြတိုက်ခံရပြီး ရွှေသားများပါသွားကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် လူငယ် ၄ ဦးမှာ သေနတ်ဖြင့်ခြိမ်း ခြောက်ပြီး ရွှေဆိုင်တွင်းရှိ ရွှေများယူသွားခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက “Mask တပ်ထားတဲ့ အသက် ၂၅ နှစ်ခန့် အမျိုးသားလေးဦး ဝင်လာပြီး တဦးက သေနတ်နဲ့ထုတ်ချိန်တယ်။ ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကို ကောင်တာနောက်မှာ ထိုင်ခိုင်းထားပြီး မှန်ကောင်တာအတွင်းက ရွှေထည်မျိုးစုံ ၂၀ ကျပ်သားကို လုယက် ထွက်ပြေးသွားတယ်” ဟု ပြောသည်။
ဓားပြတိုက်ခံနေရစဉ် ဆိုင်အတွင်း၌ ဆိုင်ရှင်မိသားစု၂ ဦးနှင့်ဝန်ထမ်းအမျိုးသမီး ၇ ဦးရှိနေကြောင်း၊ လက်ရှိတွင် လုံခြုံရေးအဖွဲ့များက CCTV မှတ်တမ်းများကြည့်ရှုစစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။