သန်လျင်တွင် ပျူစောထီးများနှင့်ပေါင်း၍ လူမိုက်မွေးကာ ငွေညှစ်နေသည့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ရီရီမေနှင့်အဖွဲ့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး

သန်လျင်တွင် ပျူစောထီးများနှင့်ပေါင်း၍ လူမိုက်မွေးကာ ငွေညှစ်နေသည့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ရီရီမေနှင့်အဖွဲ့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး

လူမိုက်တပည့်များမွေးမြူကာ ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြ ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် သန်လျင်၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရီရီမေ ခေါ် ဖင်ကြီးမနှင့်အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရီရီမေ၊ ရာအိမ်မှူးမျိုးခိုင်နှင့် ရာအိမ်မှူးရွှေငါးတို့ကို ပြီးခဲ့သည့် မတ် ၂၁ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းများကိုဖော်ပြနေသည့် သန်လျင်မီဒီယာထံမှ သိရသည်။

“‌အုပ်ကြီးရီရီမေက တအားသောင်းကြမ်းတယ်။ မနက်ဆို ‌သန်လျင်အပေါ်ဈေး အောက်ဈေးကို လူမိုက်တွေခြံရံဝင်လာပြီး ကယ်ရီတွေ ဈေးသူဈေးသားတွေကို လူပါးလှည့်ဝတယ်။ တစ်တောင် ကျော်လောက် ဝါးရင်းတုတ်ကိုင်ပြီး တစ်နေ့တစ်မျိုး ခြိမ်းခြောက်တာ။ သူ့သားမက်က စစ်တပ်ကဗိုလ်မှူးအဆင့်လို့ပြောတယ်” ဟု သန်လျင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရီရီမေသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ပျူစောထီးအဖွဲ့ဝင် ကြက်ကလေးတို့နှင့် ပူးပေါင်းကာ ပြည်သူများထံမှ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် လက်ဖက်ရည်ဆိုင်များမှ သိန်းဆယ်ဂဏန်းထိတောင်းယူခြင်းများလုပ်ဆောင်နေသူဖြစ်ပြီး ၎င်းတို့ အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးဒေါ်ရီရီမေသည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်း ကို ငွေကြေး ပေးရမည်ဟုဆိုကာ ငွေကြေးပြည့်စုံသည့် နေအိမ်များမှ စစ်မှုထမ်းအကြောင်းပြ၍ သိန်းရာဂဏန်းအထိ တောင်းယူကြောင်း သိရသည်။

“ပ,လပ်မြေကွက်တွေကိုလည်း ရီရီမေတို့အဖွဲ့က အကွက်ရိုက်ရောင်းစားထားတာတွေရှိတယ်။ ရီရီမေကို အောင်ချမ်းသာမှာ ဖင်ကြီးမလို့ပဲသိကြတယ်။ အလိုက်ကောင်းတော့ ပြန်လွတ်မှာပါ” ဟု သန်လျင်ဒေသခံက ပြောသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အောက်ခြေအဖွဲ့များအနေဖြင့် လုပ်ချင်တိုင်းလုပ်ဆောင်နေပြီး လာဘ်စားမှုများရှိနေကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆို ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top