တောင်ငူတွင် ၉ တန်းကျောင်းသူ အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

ပဲခူးတိုင်း၊တောင်ငူမြို့နယ်၊ကျွန်းကုန်းကျေးရွာတွင်ကိုးတန်းကျောင်းသူတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်ခဲ့ပြီး အိမ်နီးချင်းအမျိုးသားနှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်း‌ဆီးစစ်ဆေးနေကာ ထိထိရောက်ရောက်အရေးယူပေးရန် ဒေသခံများက တောင်းဆိုသည်။

ကျွန်းကုန်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ်ကိုးတန်းကျောင်းသူတစ်ဦးသည် မတ်လ ၁၉ ရက် နံနက်ပိုင်းက နေအိမ်၌ သတ်ဖြတ်ခံခဲ့ရခြင်းဟု သိရသည်။

“မိသားစု သုံးယောက်ပဲရှိတာ။ အမေက ၅ နာရီခွဲလောက်အလုပ်သွားပြီးတော့ ၈ နာရီခွဲလောက်အိမ်ပြန်လာတော့ ကလေးမထသေးဘူးဆိုပြီး နှိုးနေတာ။ သတ်ပြီးတော့ စောင်နဲ့အုပ်ခဲ့တာ။ အုပ်ထားတာကို လှန်လိုက်တော့မှ ခေါင်းက ပြတ်ထွက်မတတ်အရေပြားပဲကျန်တော့တာ။ သုံးလက်မလောက်ပဲကျန်တော့တာ။ ဓားနဲ့ခုတ်ခံထားရတာ” ဟု သေဆုံးသူ၏ ဆွေမျိုးတစ်ဦးကပြောသည်။

ယင်းကျောင်းသူ၏ ဖခင်သည် ရွာရှိသစ်စက်၌ ညပိုင်းအလုပ်လုပ်ကိုင်သူဖြစ်ကာ မိခင်သည် နံနက် ၅ နာရီခန့်ထ၍ ဖက်ကောက်သွားနေ၍ နေအိမ်၌တစ်ဦးတည်းကျန်ရှိနေချိန်တွင် အဓမ္မပြုကျင့်အသတ်ခံရခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” ကျွန်မတူမလေးက ၉ တန်းကျောင်းသူလေး အသက် ၁၆ နှစ်ပဲရှိပါသေးပါတယ်။ အတန်းထဲမှာ အမြဲတမ်း A ရတဲ့ကလေးပါ။ ဆရာဝန်ဖြစ်ချင်ပြီး ရည်ရည်မွန်မွန်နဲ့ ချစ်စရာကောင်းသူလေးပါ။ ကျွန်မတူမလေး မတရားအသတ်အဖြတ်ခံခဲ့ရတဲ့အမှုကို တရားခံများ သေဒဏ်ကျခံရစေရန် ဝန်းရံပေးကြပါဦးရှင်”ဟု သတ်ဖြတ်ခံရသော ကျောင်းသူ၏ အဒေါ်က လူမှုကွန်ရက်မှတဆင့်အကူညီတောင်းထားသည်။

သေဆုံးသူ၏ရုပ်အလောင်းကို တောင်ငူဆေးရုံသို့ပို့ဆောင်၍ ရင်ခွဲစစ်ဆေးပြီး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အဖြေကိုစောင့်ဆိုင်းနေကြောင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်သွားခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့ကို တောင်းဆိုကာ လိုအပ်သလို ပံ့ပိုးကူညီသွားမည်ဟု တောင်ငူမြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

ဒေသခံများနှင့် ရဲတပ်ဖွဲ့၏စစ်ဆေးမှုများအရ အဆိုပါ အဓမ္မပြုကျင့်ပြီးသတ်ဖြတ်မှုကို အိမ်နီးချင်း အမျိုးသားသုံးဦးက ပူးပေါင်းကျူးလွန်ခဲ့သည်ဟု သိရှိထားပြီး နှစ်ဦးကိုဖမ်းမိထားကြောင်း ကျွန်းကုန်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပွားသည့်နေ့၌ သံသယရှိတရားခံအဖြစ် သန်းထိုက်အောင် (ခ) သားပေါက်နှင့်စည်သူနိုင် (ခ) မှဲ့ကြီး ဆိုသူ အသက် ၂၀ ခန့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်ပြီး နောက်တစ်ဦးသည်ထွက်ပြေးနေကြောင်းသိရသည်။

ထွက်ပြေးနေသူမှာ မှဲ့ကြီး၏ ညီတော်စပ်သူဟု ဒေသခံများကပြောသည်။

သားပေါက်နှင့် မှဲ့ကြီးကို ပိုင်နက်ကျူးလွန်မှု၊ ချည်နှောင်မှု၊ ပစ္စည်းခိုးမှု၊ မုဒိန်းကျင့်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အသေစား အသေခံကျခံစေရန်နှင့် မိသားစုဝင်များကိုကျေးရွာအတွင်းမှ နှင်ထုတ်ပေးရန် သတ်ဖြတ်ခံရသူ၏ မိသားစုဝင်များက တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးထံလိပ်မူ၍ စာပေးပို့‌ တောင်းဆိုထားကြောင်းသိရသည်။

” သူတို့က အဲ့ဒီအိမ်မှာ ဝင်ထွက်စားသောက်နေတဲ့သူတွေပဲ။ သူ့အဖေနဲ့ ပေါင်းသင်းနေတဲ့အပေါင်းအသင်းတွေပဲ။ ဘယ်အချိန်ကတည်းက ကလေးကိုကြံနေလဲမသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

သားပေါက်နှင့်မှဲ့ကြီးကိုကျွန်းကုန်းနယ်‌မြေရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မတ်လ ၂၁ ရက်နေ့က သင်္ဂြိုလ်လိုက်ကြောင်းသိရသည်။

ပုံအညွန်း − ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် ကိုးတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်ခဲ့ပြီး အိမ်နီးချင်းအမျိုးသားနှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်း‌ဆီးစစ်ဆေးနေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top