ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီး

ရေစကြို၊ မြေတော်ရွာတွင် စစ်တပ်က ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မြေတော်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့သတ်ဖြတ်ကာ နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကိုလည်း ယူဆောင်သွားကြောင်း၊ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့သည့် မြေစွန်းတော်ရွာ၊ ဇရပ်နီရွာနှင့် မြေတော်ရွာများမှ ဒေသခံပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါ အဝင် ပြည်သူအယောက် ၅၀ ကျော်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ ကံဦးရွာတွင် ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်နေခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် ၊ မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း ၊ သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်၊ သာဂေါင် (ရွာမ) မှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင် ၊ အသက် ၉၁ နှစ်အရွယ် ဦးအုန်း ၊ အသက် ၇၀ အရွယ် ဒေါ်စန်းဝေ နှင့် အမည်မသိ ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်ထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top