မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို ခဲယမ်းပို့ပြီးပြန်လာတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင်တွင်း စစ်ရေးလှုပ်ရှားနေတဲ့ Bagan Bo Cho PDF က မတ် ၂၄ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူပျူစောထီး ၂ ဦးမှာ ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ အတွင်းနေထိုင်တဲ့ ပေါက်မြို့နယ်၊ ထန်းတပင်ရွာခံ ဇော်မြင့် နဲ့ ဆူးပုဒ်ကုန်းရွာခံ အောင်စိုးဝင်း တို့ဖြစ်ပြီး မတ် ၂၃ ရက် မနက် ၁၀ နာရီကျော်မှာ ပုဂံ-ညောင်ဦးလမ်းပိုင်းတစ်နေရာမှာ ရှောင်တခင်စစ်ဆေးစဥ် ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
” ရှောင်တခင် စစ်ဆေးချိန်မှာ ဖမ်းမိလို့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ စခန်းတနေရာကို ခေါ်သွားတဲ့အချိန်လမ်းမှာ ရဲဘော်တယောက်က်ဆီကနေ ရုန်းပြီးတော့ ထွက်ပြေးတာ အဲဒီမှာ ပစ်ခတ်လိုက်ရတာ။ နှစ်ယောက်စလုံးသေသွားတယ်”လို့ Bagan Bo Cho PDFမှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပျူစောထီး ၂ ဦးကို စစ်ဆေးစဥ် ၎င်းတို့ ၂ ဦးမှာ ပျူစောထီးသင်တန်း အပတ်စဥ် ၁ ကို တက်ရောက်ထားကာ ကပစ ၂၁ ထဲမှာ နေထိုင်သူတွေဖြစ်ကြောင်း၊ အိမ်စီးကားနဲ့ တပ်မ ၁၀၁ ကို ကျည်ဆံတွေပို့ဆောင်ပြီးနောက် ကပစ ၂၁ ကို ပြန်လာစဥ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ အထက်ပါတာဝန်ခံကပြောပါတယ်။
” ၁၀၁ ကနေ ကပစ ၂၁ ကိုပြန်တဲ့အချိန်မှာ ဖမ်းမိတာ။ ကားကိုတော့ ထိန်းသိမ်းထားလိုက်တယ်။ သူတို့က အရပ်သားပုံစံမျိုးနဲ့သွားလာကြတာဖြစ်လို့ သေနတ်တွေတော့မပါဘူး”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာလည်း ညောင်ဦးမြို့နယ်မှာ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို တမနက်တည်းမှာ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ပုဂံ-ညောင်ဦးလမ်းပိုင်းတနေရာမှာ Bagan Bo Cho PDF အဖွဲ့က စစ်ဆေးမှုပြုလုပ်နေစဥ် ( ပုံဟောင်း)