အမြောက်တပ်အနီးသို့ တပ်ဆုတ်လာသည့် စစ်ကြောင်းကို လေကြောင်းမှ မှားယွင်းဗုံးကြဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြား
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဘက်ခြမ်း ပန်းတောကြီးကျေးရွာသို့ တပ်ဆုတ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို လေကြောင်းမှ မှားယွင်းဗုံးကြဲခဲ့ကြောင်း သိရသည်။
ပန်းတောကြီးကျေးရွာ ဘောလုံးကွင်းအနီး တပ်ဆုတ်လာသည့် စစ်ကြောင်းကို ယမန်နေ့ မတ် ၂၄ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးမှားကြဲမိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု များပြားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
“တပ်ဆုတ်လာတဲ့ စစ်ကြောင်းကို လေကြောင်းကမှားကြဲတာ စစ်ကြောင်းတစ်ခုလုံးနီးပါး သေသွား တယ်။ အမြောက်တပ်စုလို့တော့ပြောတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
မြောက်စမ်းအမြောက်တပ် ၃၄၄ ၏ အဓိကအမြောက်တပ်စုသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြောက်စမ်းအမြောက်တပ်အနီးထိ တစ်ရွာချင်းတပ်ဆုတ်လာရပြီး ယမန်နေ့က ပန်းတောကြီးရွာ ဘောလုံးကွင်းအတွင်း အခြေပြုတပ်စွဲလိုက်ကြောင်း သိရသည်။
တပ်ဆုတ်လာသည့် အမြောက်တပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခုခံနေပြီး ၎င်းတို့စစ် ကြောင်းကို မှားယွင်းဗုံးကြဲ ချမိခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဘက်က လက်ရှိမှာ ဖုန်းလိုင်းတွေပြတ်နေပြီး လိုင်းသေချာမရဘူးနေတာ။ စစ်ကြောင်းပေါ်ကို လေယာဉ်က မှားပြီးဗုံးကြဲမိတာ အတော်သေတယ်။ သေတာတော့ သေချာတယ်။ အရေအတွက်အတိ အကျကတော့ ဖုန်းလိုင်းမရတဲ့အတွက် စုံစမ်းနေတုန်းပဲ” ဟု ဗိုလ်ကြီးဇင်ယော်က အတည်ပြု ပြောကြား သည်။
စစ်ကောင်စီ၏ အမြောက်တပ်သာမက စခန်းငယ်တချို့ ကွင်းကလေး၊ ရွှေလောင်းကျင်းကျေးရွာမှ ဂွေးပင်ထောင့်နှင့် မကျီးကုန်းကျေးရွာများအထိ တပ်ဆုတ်ပြီး စာသင်ကျောင်းများအတွင်း အခြေပြု နေထိုင်နေကြောင်း သိရသည်။
အမြောက်တပ်နှင့်ကပ်လျက် စစ်ကောင်စီ၏ သီတာကုန်းပြင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေရပြီး ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ရိုးမအစပ်နှင့် ရေကြည် လေးမျက်နှာမြို့ကြား တိုက်ပွဲများပြင်းထန်လာ၍ ဒေသခံများ ငါးသိုင်းချောင်းမြို့ပေါ်နှင့် ရေကြည်မြို့များအတွင်းသို့ စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ၏ အမြောက်တပ် (ပုံဟောင်း)