အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝေဖန်မှုဖြင့် ငါးမင်းဆွေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ချမှတ်ခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝေဖန်ခဲ့သည့် စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်ချလိုက်သည်ဟု သိသည်။

ငါးမင်းဆွေ(ခ)ဦးမင်းဆွေသည် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ Facebook တွင် “စစ်ဗိုလ်ချုပ်မှူးကြီး တဲ့ သူ့လက်ထက် အောင်ပွဲရတဲ့ စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ် ပြီးတော့”၊ “ကိုရည်မွန်က တစ်ဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တရုတ်က ပြန်လာရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူ ဆမိပါတယ်”စသည်ဖြင့် ရေးသားပြောဆိုခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်မှုကြောင့်ဟုဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ရွာ ဗိုလ်ချုပ်လမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံရသည်။

ဖမ်းဆီးပြီးနောက် ရန်ကုန်သို့ ပို့ဆောင်ကာ လှိုင်မြို့နယ်ရဲစခန်းတွင် (ပ)၂၇၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖြင့် အမှုဖွင့်ပြီးနောက် အင်းစိန်ထောင်တွင်ထားရှိပြီး (၄)လကျော်အကြာတွင် ထောင်ချမှတ် ခံရခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top