အမေရိကန် သမ္မတနဲ့ အစိုးရ အဖွဲ့ရဲ့ ထိပ်ပိုင်း အရာရှိတွေ မတော်တဆ အမှားကျူးလွန်မိရင် နစ်နာမှု ကြီးမားသွားနိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန်ရဲ့ စစ်ရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေမှုကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီလို သတင်း အချက်အလက်တွေက ရန်သူ့လက်ထဲ ကြိုတင် ရောက်ရှိသွားမယ်ဆိုရင် အမေရိကန် စစ်သည်တွေရဲ့ အသက်အန္တရာယ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့သွားစေနိုင်ပါတယ်။
ထရမ့်ရဲ့ အစိုးရ အဖွဲ့က အဲဒီလို အမှားမျိုးကို မတော်တဆ ကျူးလွန်မိခဲ့တဲ့အခါ ဝါရှင်တန်ဒီစီ မြို့တော်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပေါက်ကြားသွားတဲ့ ထိပ်တန်း စစ်ရေး လျှို့ဝှက်ချက်တွေဟာ အမေရိကန်ရဲ့ ရန်ဘက်တွေ လက်ထဲကိုတော့ ကြိုရောက်မသွားခဲ့ပါဘူး။
ယီမင်နိုင်ငံမှာရှိတဲ့ ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ရေး ပစ်မှတ်တွေကို အမေရိကန်က စစ်ဆင် တိုက်ခိုက်မှုတွေ မစတင်ခင် အဲဒီအကြောင်း ထရမ့်ရဲ့ အတွင်းစည်း အစိုးရ အရာရှိတွေကြား ဆွေးနွေးကြတဲ့ group chat တစ်ခုထဲကို ဩဇာကြီးမားတဲ့ နိုင်ငံရေး ဂျာနယ်လစ် တစ်ဦးကို မှားယွင်း ထည့်သွင်းမိခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၄ ရက်နေ့က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ Athletic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်က ဖော်ထုတ် ရေးသားခဲ့ပြီး သူဟာ ယီမင်ကို အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ မစခင် နှစ်နာရီလောက် အလိုကတည်းက အဲဒီ အကြောင်းကို ကြိုသိခွင့် ရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့ကို တမင် ရည်ရွယ်တာ မဟုတ်ဘဲ အဲဒီ group chat မှားယွင်း ထည့်သွင်းမိခဲ့ဟန် ရှိတယ်လို့လည်း ဂိုးလ်ဘာ့ဂ်က ကောက်ချက်ချထားခဲ့ပါတယ်။
မတ်လ ၁၅ ရက်နေ့မှာ ဟိုသီပစ်မှတ်တွေကို အမေရိကန်က စတင် တိုက်ခိုက်ခဲ့တဲ့ အချိန်မတိုင်ခင် ကတည်းက Signalရဲ့ group chatထဲမှာ စစ်ဆင်ရေး အစီအမံတွေ ရေးသား မျှဝေထားတာတွေကို သူက ကြိုတင် ဖတ်ရှုခွင့် ရခဲ့တယ်လို့ ဂိုးလ်ဘာ့ဂ်က ဆိုပါတယ်။
သူဟာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ကယ်ဝေါ့ဇ်ရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ Signal ဖုန်းနံပါတ် တစ်ခုရဲ့ ချိတ်ဆက်မှုကို ရရှိပြီး နှစ်ရက်အကြာမှာ group chatထဲ ရောက်သွားခဲ့တာလို့ ဂိုးလ်ဘာ့ဂ်က ရှင်းပြပါတယ်။ အဲဒီ group chatထဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်သ်တို့ အပါအဝင် အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိ ၁၈ ယောက်လောက် ရှိနေခဲ့ပြီး ဟိုသီတွေကို စစ်ဆင်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အသေးစိတ် ရှင်းလင်းကြ၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို တိုင်ပင်ညှိနှိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဂိုးလ်ဘာ့ဂ်က အဲဒီ အကောင့်ပိုင်ရှင်တွေဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ပုံမှားရိုက်သူတွေလို့ ယုံကြည်ခဲ့ပြီး သူ့ကို အကြောင်းတစ်ခုခုကြောင့် အယုံသွင်းဖို့ ထောင်ချောက်ဆင်နေတယ်လို့ပဲ ထင်နေခဲ့ပါတယ်။ သူက အမေရိကန် အစိုးရ အရာရှိတွေ အယောင်ဆောင်ထားတဲ့ group chatအကြောင်း လုပ်ဖော်ကိုင်ဖက်တွေကိုတောင် ပြောပြခဲ့ပါသေးတယ်။ ဂိုးလ်ဘာ့ဂ်ဟာ group chatထဲမှာ ရေးသားတာတွေ၊ ဆွေးနွေးတာတွေ မှန်သမျှကို သူ့ရဲ့ဖုန်းကနေ မြင်ခွင့် ရနေခဲ့ပါတယ်။
ဟိုသီတွေကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြီး မိနစ်ပိုင်း အကြာမှာပဲ ဝေါ့ဇ်က group chatထဲမှာ ‘Amazing job’လို့ အောင်ပွဲခံ ရေးသားခဲ့ပြီး အမေရိကန် အလံ၊ လက်သီးဆုပ်နဲ့ မီးတောက် ပုံတွေကိုပါ တင်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဂိုးလ်ဘာ့ဂ်က သူဟာ တကယ့် ထိပ်တန်းလျှို့ဝှက်အဆင့် ဆွေးနွေးတဲ့ group chatထဲ မှားယွင်းထည့်သွင်း ခံထားရမှန်း သဘောပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။
ဒီဆွေးနွေးမှု အချက်အလက်တွေဟာ မသက်ဆိုင်သူ တစ်ယောက်ဆီ ပေါက်ကြားခဲ့တဲ့ မှားယွင်းမှုဟာ အိမ်ဖြူတော်အတွက် နောက်ဆက်တွဲ ဂယက်တွေ အများကြီး ကြုံလာစေနိုင်ပါတယ်။ Signalဟာ သတင်းအချက်အလက် လုံခြုံမှု အပိုင်းမှာ နာမည်ကောင်းရထားတဲ့ messaging ဝန်ဆောင်မှု ဖြစ်တဲ့တိုင် အခုလိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို သတ်မှတ်ထားတဲ့ အစိုးရ channelတွေရဲ့ ပြင်ပကနေ ဆွေးနွေးတဲ့အတွက် ဥပဒေ ချိုးဖောက်တဲ့ အဓိပ္ပါယ်မျိုးလည်း ဖြစ်လာနိုင်ပါတယ်။
အမေရိကန် အစိုးရဟာ နိုင်ငံရဲ့ အလျှို့ဝှက်ဆုံးအဆင့် ထားရှိရမယ့် အချက်အလက်တွေကို လွယ်လွယ်လေး ပေါက်ကြားစေခဲ့ကြောင်း၊ ဒီအမှားမျိုးဟာ အမေရိကန်ရဲ့ လုံခြုံရေးအပေါ် ယုံကြည်ချက် လျော့ပါးသွားစေကြောင်း ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင် အမတ်တစ်ဦးဖြစ်တဲ့ မတ်ခ်ဝါနာက လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန် ရေးသားထားခဲ့ပါတယ်။
ဒီမိုကရက်တစ် ပါတီရဲ့ နောက်ထပ် လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ခရစ္စ ဒီလူဇီယိုကလည်း အခုကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာပြီး ပြည့်စုံတိကျတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဒွန်ဘေကွန်ကလည်း ပုံမကျဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒီလို သတင်း အချက်အလက်တွေကို လုံခြုံရေး သီးသန့် အစီအမံတွေ မရှိတဲ့ စနစ်တစ်ခုထဲမှာ ဆွေးနွေးတာမျိုး လုံးဝ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။ ရုရှားနဲ့ တရုတ် ဟက်ကာတွေဟာ ဝေါ့ဇ်ရဲ့ ဖုန်းကို အချိန်ပြည့် ထောက်လှမ်း ထိုးဖောက်ဖို့ ကြိုးစားနေနိုင်တယ်လို့လည်း ဘေကွန်က ဆိုပါတယ်။
ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ လောလောဆယ် အမေရိကန် လွှတ်တော် နှစ်ရပ်စလုံးကို အင်အား အသာစီးနဲ့ ထိန်းချုပ်ထားတဲ့တိုင် ဒီကိစ္စကိုတော့ တာဝန်ယူ စုံစမ်းတာတွေ လုပ်ဆောင်လာရဖွယ် ရှိပါတယ်။
ရီပတ်ဘလစ်ကန် ပါတီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်ကတော့ အခုပြဿနာဟာ သိပ်ကြီး ပုံကြီးချဲ့စရာ မလိုဘူးဆိုတဲ့ သဘောမျိုး လျှော့ပေါ့ ပြောသွားခဲ့ပြီး အိမ်ဖြူတော်ဟာ ဒီအမှားကို သင်ခန်းစာယူ ပြင်ဆင်မှာ ဖြစ်ကြောင်း၊ နောက်ထပ်လည်း ဒါမျိုး ထပ်ကြုံမှာ မဟုတ်တော့ကြောင်း ပြောကြားသွားပါတယ်။
သူ့လက်အောက်ခံ အရာရှိတွေရဲ့ ပေါ့လျော့မှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက အိမ်ဖြူတော်မှာ ထရမ့်ကို မေးမြန်းတဲ့အခါ သူ့အနေနဲ့ ဒါမျိုးကို ပထမဆုံး ကြားဖူးတာသာ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။
အိမ်ဖြူတော်ကတော့ ဝေါ့ဇ်အပါအဝင် အမျိုးသား လုံခြုံရေး အဖွဲ့ဝင်တွေဖက်က ကာကွယ်တဲ့ သဘောထား ကြေညာချက် တစ်ခုကို ရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ အခုလို ပေါ့ဆမှုနဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိသင့်ကြောင်း ဝါရှင်တန်ဒီစီ နိုင်ငံရေး အသိုက်အဝန်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး အဓိကအားဖြင့် ဝေါ့ဇ်ဟာ ဝေဖန်မှု စက်ကွင်းတွေအောက် ကျရောက်နေပါတယ်။ ဝေါ့ဇ်အနေနဲ့ ရာထူးကနေ တာဝန်ယူ နုတ်ထွက်နိုင်တယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပြီး အိမ်ဖြူတော်ဖက်ကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲလို့ သိရပါတယ်။
ကိုးကား: BBC