“စင်္ကြာမင်း တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ၊ မလာ စစ်ဆေးခံရ”
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်ရေး စက်ရုံမှာ အမျိုးသမီးအလုပ်သမားအားလုံးကို တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေ ထိထိရောက်ရောက်အရေးယူပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံမှာက အိမ်သာတွေမှာကျအမှိုက်ပုံးပေးမထားဘူး။ ဒီလိုအမျိုးသမီးကိစ္စတွေဖြစ်ပြီဆိုရင် အိတ်နဲ့ထုပ်ပြီးအိမ်ကိုပြန်သယ်ရတာ။ အဲဒါကိုပစ်မိတဲ့ကောင်မလေးက သူကအသစ်ဆိုတော့ ဘယ်မှာပစ်ရမှန်းမသိတော့စက်ရုံရဲ့အမှိုက်ပုံးထဲမှာပစ်လိုက်တာ။ မသိဘဲပစ်လိုက်တော့ အမှိုက်သိမ်းတော့ တွေ့သွားတော့ စက်ရုံမှူးကအကုန်ခေါ်တယ်။
မေးတော့ကောင်မလေးကမပြောရဲတော့ မန်နေဂျာရယ် စက်ရုံမှူးရယ်က အကုန်စစ်မယ်ဆိုပြီးထမိန်တွေအကုန်လှန်စစ်တာ။ စစ်တော့ရာသီလာနေတာ ၃ယောက်တွေ့တယ်။ အဲ့ဒီ ၃ယောက်ကိုဝန်ခံခိုင်းတာ။ ဝန်ခံခိုင်းတုန်းရှိသေးတယ်စက်ရုံဆင်းချိန်ရောက်တော့ မနက်ဖြန်ထပ်စစ်မယ်ဆိုပြီးပြီးသွားတယ်။ ဒီနေ့ကျတော့ အဲ့၃ယောက်ထဲက အဲဒီကောင်မလေးကမလာတော့ဘူး။ မလာတော့အဲဒီကောင်မလေးပဲဆိုတာသိလိုက်ပြီး ဒီအတိုင်းပြီးသွားတယ်။
ဒါပေမဲ့ ဒီအတိုင်းပြီးသွားပေမဲ့ထမိန်လှန်ပြီးအကုန်စစ်ခံရတဲ့မိန်းကလေးအကုန်က မကျေနပ်တော့ ဒါကိုထိထိရောက်ရောက်အရေးယူပေးစေချင်တာပါ” လို့ အလုပ်သမားတွေနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၄၀ ကျော်ရှိတာဖြစ်ပြီး အလုပ်သမားအားလုံးကို တစ်ဦးချင်းစီ လုံခြည်လှန်ပြီး အတွင်းခံမှာရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်သလို စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့် အဲဒီလိုစစ်ဆေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတာ ဆဲဆိုတာတွေလုပ်လေ့ရှိသလို အချိန်ပိုကြေးအပြည့်မရတာတွေနဲ့ သင်္ကြန်ပိတ်ရက်မရတာတွေ စတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စင်္ကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးတဲ့ တိုင်းရင်းဆေးတွေကို ထုတ်လုပ်တာလည်းဖြစ်ပါတယ်။