မြောက်ဒဂုံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အလုပ်သမား ညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အလုပ် သမား ညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DARK SHADOW တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အလုပ်သမားညွှန် ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခြင်းသည် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ခံရပြီး လုပ်ငန်းခွင်သို့ ရောက်ရှိခြင်းမရှိဘဲ ဒုက္ခရောက်နေသော ထိုင်းနိုင်ငံရောက် MOU အလုပ်သမားပြည်သူများ၏ တိုင်ကြားမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အလုပ်သမားသင်တန်းကျောင်း ပင်လုံခန်းမသည် MOU စနစ်ကို ခုတုံးလုပ်ပြီး ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများထံမှ သင်တန်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း MOEAA ဖိအားပေး၍ အလုပ်သမားများထံမှ ငွေကြေးတောင်းယူခိုင်းယူခြင်း၊ OWIC ကတ်ပြုလုပ်ပေးရာတွင် သတ်မှတ် ဈေးနှုန်းထက် ပိုမိုတောင်းယူခြင်းများရှိနေကြောင်း သိရှိရသည်။

ထို့ပြင် MOEAA အသင်း (ထိုင်း) ခေါင်းဆောင် ဗိုလ်မှူး အောင်နိုင်သူမှ အ ကြောင်း အမျိုးမျိုးပြ၍ ပြည်ပ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများထံမှ အတင်းအကျပ်ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်ကာ စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူလူထုကို မတရားသဖြင့် အနိုင်ကျင့်နေကြောင်း ရဲဘော်ပန်ဒါကဆိုသည်။

ထိုသို့ ပြည်သူများ အပေါ်နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံများကို Dark Shadow တပ်ဖွဲ့ အနေဖြင့် ရရာ နေရာမှ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ နောက်လာမည့် ပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲ၊ စစ်နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေး ရာနေရာများသို့ မသွားကြရန် DARK SHADOW တပ်ဖွဲ့က သတိပေးသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top