ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် ယခုနွေရာသီ၏ အပူရှိန်ကြောင့် ရေခမ်းခြောက်လာသည့်အပြင် ပြီးခဲ့သည့် ရေကြီးမှုအတွင်း တင်ကျန်ခဲ့သော နုန်းမြေများကြောင့် မြေသားထုမြင့်တက်ကာ ဒေသခံများ သွားလာရေးခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။
“အင်းလေးကန်က လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ၄၀ လောက်ကအတိုင်း ပြန်ဖြစ်ဖို့ ကျွန်တော်တို့ ဒေသခံတွေချည်းနဲ့မရဘူး။ အဓိကကတော့ နိုင်ငံတော်အစိုးရကနေပြီးတော့ စက်ယန္တရားတွေနဲ့ စနစ်တကျ ငါးနှစ်ဆိုငါးနှစ်စီမံကိန်းတခု ချမှတ်ပြီးတော့မှ ပြန်လည်ပြုပြင်ထိန်းသိမ်းမှအဆင်ပြေမှာ။ မဟုတ်ရင် နောက်အနှစ် ၃၀ လောက်ဆို ဒီအင်းလေးကန်ကြီးက တော်တော်လေး တိမ်ကောပျက်စီးသွားမယ့်အနေအထားမျိုးဖြစ်နေတယ်” ဟု Save the Inle Lake အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
အင်းလေးကန်တွင် ရေလုံးဝခမ်းခြောက်သည့် အခြေအနေမျိုး မဟုတ်သော်လည်း ကုန်းကြောင်းသွားလာရန် မဖြစ်နိုင်သလို စက်လှေဖြင့်လည်း သွားလာရန် ခက်ခဲနေကြောင်း ဆိုသည်။
ဖောင်တော်ဦးဘုရားအနီးရှိ ဟဲယာရွာမကဲ့သို့ ရေလယ်ရွာများမှာ လက်ရှိတွင် ရေလုံးဝခမ်းခြောက်နေပြီး ဘုရားပတ်ဝန်းကျင်တွင် စက်ယန္တရားဖြင့် တူးထားသည့် နေရာများတွင်သာ ရေ သုံးပေကနေ လေးပေ အနက်ရှိပြီး စက်လှေသွားလာနိုင်သော အနေအထားရှိသော်လည်း လာမည့်လများတွင် ထိုနေရာများပါ ခမ်းခြောက်သွားနိုင်သည်ဟု ဒေသခံများက ဆိုသည်။
အင်းလေးကန်အတွင်းရှိ ရွာများအနက် ဟဲယာရွာမ နှင့် မင်းချောင်းရွာတို့သည် ရေခမ်းခြောက်မှုနှင့် နုန်းမြေပေါ်လာမှု အဆိုးရွားဆုံးဖြစ်ပြီး ကန်အစပ်ရှိ ကျေးရွာ ၂၀ ခန့်မှာ ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ ရေခမ်းခြောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ်များတွင် ဧပြီလလယ်ခန့်မှ ရေခမ်းခြောက်မှုကို ကြုံတွေ့ရသော်လည်း ယခုနှစ်တွင် ခမ်းခြောက်မှု စောလာသည်ဟုလည်း ဒေသခံများက ပြောသည်။
အင်းလေးကန်သည် မြောက်မှ တောင်သို့ ရေစီးဆင်းပြီး ၁၉၉၀-၁၉၉၂ ခုနှစ်များတွင် ကန်တောင်ဘက် ညောင်ရွှေမြို့နှင့် မြောက်ဘက် မိုးဗြဲဆည်အကြား အနိမ့်အမြင့်ကွာဟမှု ၁၈ ပေရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၂၄ ပေအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယမန်နှစ် ရေကြီးမှုကြောင့် မြောက်ပိုင်းတွင် မြေသားထု သုံးပေခန့် ထပ်မံမြင့်တက်လာသဖြင့် လက်ရှိ တောင်-မြောက် အနိမ့်အမြင့်ကွာဟမှု ပိုမိုများပြားနိုင်သည်ဟု ဦးခင်မောင်လတ်က ဆိုသည်။
“အင်းလေးကန်မြောက်ဘက်မှာ သဲနုန်းတွေဖို့ပြီး မြင့်နေတဲ့ မြေပမာဏကို ဖြေလျော့ပေးရမယ်။ အနိမ့်အမြင့်ကွာဟချက်က အနည်းဆုံး ၁၈ ပေလောက်ပြန်ကျအောင် လုပ်နိုင်ခဲ့ရင် ရေစီးဆင်းမှုနှုန်းက နှေးသွားမယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။
ထို့ပြင် အင်းလေးကန် အနောက်ဘက် တောင်တန်းများတွင် ထင်းနှင့် မီးသွေးအတွက် သစ်ပင်ခုတ်လှဲမှု၊ စနစ်မကျသော ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီးကာ မိုးရာသီတွင် နုန်းမြေများ ကန်အတွင်းသို့ စီးဝင်လာပြီး မြေသားထုမြင့်တက်မှု၏ အဓိကအကြောင်းရင်းတခု ဖြစ်လာသည်ဟု ၎င်းက ထောက်ပြသည်။
“တောင်စောင်းမှာရှိတဲ့ မြေယာတွေကို ခုတ်တယ်။ မြေတွေတူးထုတ်တယ်။ နွေရာသီမှာထွန်ယက်ထားတယ်။ မိုးကျတော့ မိုးရေနဲ့အတူ ထွန်ယက်ထားတဲ့မြေတွေက မိုးနဲ့အတူပါလာတယ်။ ဘာလို့ဆို လှေခါးထစ်လို စနစ်တကျ ဖော်ဆောင်ထားတဲ့ စိုက်ခင်းတွေမဟုတ်တဲ့အတွက်ပေါ့နော်။ နောက်သုံးလေးနှစ်လောက်စိုက်ပြီးရင် တခြားအသစ် တနေရာ ထပ်ဖော်တယ်။ ဒါကိုလည်း သစ်တောဦးစီးဌာန အစိုးရပိုင်းဘာညာက တရားဝင်တားစီးနိုင်ခြင်းလည်း မရှိဘူး”ဟု ဦးခင်မောင်လတ်က ပြောသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှ စတင်ကာ သုံးပတ်ခန့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ အင်းလေးဒေသရှိ ရွာပေါင်း ၂၇၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး ခရမ်းချဉ်သီးနှင့် စပါးစိုက်ခင်းများ ပျက်စီးခဲ့ရသည်။
ရေပြန်ကျပြီးနောက် နုန်းမြေများကြောင့် ရေသန့်ရှင်းမှု မရှိတော့သလို ဟဲယာရွာမ၊ တောင်ခြေ၊ ကျွန်းစင်ကြီး၊ အင်းတိန်နှင့် ရေနွေး စသည့် ကျေးရွာများရှိ စပါးစိုက်ဧကရာနှင့်ချီတွင် နုန်းမြေဝင်ရောက်မှုကြောင့် စပါးခင်းများ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။