မန္တလေးမြို့အတွင်း စစ်ကောင်စီတပ်စခန်းများ ဝင် ေရာက်တိုက်ခိုက်ခံရမည်ဆိုသည့် သတင်းများ ယမန်နေ့ မတ် ၂၇ ရက်နေ့က ထွက်ပေါ်ပြီးနောက် မြို့အတွင်းရှိ တပ်များအသင့်စောင့်ဆိုင်းပြင်ဆင်ကြရန် တပ်နယ်မှူးမှ အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
မန္တလေးတပ်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပင်မစစ်လက်နက်ပစ္စည်းတပ် တပ်နယ်မှူး တပ်မှူးသိန်းထွန်းတင်က ခလရ ၃၁၊ ခလရ ၃၅ တပ်များ အသင့်ပြင်စောင့်ဆိုင်းနေကြရန် အမိန့်ထုတ်ထားကြောင်း တပ်တွင်းသတင်းများကို ဖော်ပြနေသည့် ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
“တကယ်တမ်းလာ မတိုက်နိုင်ဘူးဆိုတာ အောက်ခြေသာမန်ရဲဘော် တွေတောင်သိပါတယ်။ ဒါက အတု အယောင်လုပ်ဟန် ရေးပြတယ်လို့ ခေါ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းစခန်းများဆီသို့ မန္တလေးတပ်နယ်အတွင်းမှ အင်အားဖြည့်ထုတ်ပေး နေရသည့်အတွက် နောက်တန်းဌာနချုပ်များတွင် အင်အားမရှိသလောက်ဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးရှိ နောက်ချန်တပ်များတွင် အင်အားပြန်လည်တောင့်တင်းလာရန်အတွက် သတင်းလွှင့်ပြီး အင်အားပြန်လည်ဖြည့်တင်းလိုသည့် အခြေအနေကို ဖန်တီးနေခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်များတွင် တပ်မ (၇၇) ၏ လက်အောက် ခံတပ်များသည် ယမန်နေ့ မတ် ၂၆ ရက်မှစတင်ပြီး မိတ္ထီလာဘက်မှ စတင်ဝင်ရောက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
တပ်မအဆင့် ထိုးစစ်များဆင်လာသော်လည်း တပ်မ (၇၇) ၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းနှင့် အင်းတော်ဘက်သို့ စေလွှတ်ထားမှုများရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အင်အားနှင့် ထိုးစစ်ဆင် လာသည့်လမ်းကြောင်းကို စိစစ်စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မတ် ၂၇ ရက်နေ့က ရန်ကုန်-မန္တလေးလမ်းပိုင်း နှင့် ရန်ကုန်-ပြည်လမ်းပိုင်းတို့ကွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးချက်များ ဆောင်ရွက်ခဲ့ ကြောင်း သက်ဆိုင်ရာ PDF ဗျူဟာများမှနေ၍ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မန္တလေးတပ်နယ်သို့ လာရောက်သည့် စစ်ခေါင်းဆောင်။