ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံး ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိ

ဧပြီ ၂ ရက် မြန်မာစံတော်ချိန် ည ၈ နာရီအထိ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃,၈၆၆ ဦး ရှိလာ

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်က မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ကြောင့် ဧပြီ ၂ ရက် မြန်မာစံတော်ချိန် ည ၈ နာရီအထိ စုစုပေါင်း သေဆုံးသူ ၃,၈၆၆ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၄၅၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၇၁၉ ယောက်ရှိကြောင်း ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေ စုံစမ်းဆဲ

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျမှုရှိနေပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုအခြေအနေများကို စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“အိုးဘိုအကျဉ်းထောင်ထဲက အဆောင်တွေက ဆွေးမြည့်နေပြီးတော့ တိုက်ထဲက ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေကို တိုက်ပိတ်အပြစ်ဒဏ်ပေးတဲ့ တိုက်တွေဟာ နဂိုထဲက ပြိုလုဆဲ‌ဆဲအခြေအနေမှာ ရှိနေတဲ့အတွက် တိုက်ပြိုမှု‌တွေ ရှိနိုင်တယ်။ လက်ရှိမှာ အကျဉ်းသား‌တွေ ထားထား၏ မထားထား၏ မသိရသေးပေမယ့် အဆောင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အကျဉ်းသား ဘယ်လောက် ထိခိုက်ပြီး ဘာ‌တွေ ဆက်ဖြစ်နေတယ်ဆိုတာတော့ ကျွန်တော်တို့ လက်ရှိ သတင်းမှောင်ချ ခံထားရတာဖြစ်လို့ ရရှိဖို့ အရမ်းကို ခက်ခဲနေပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ထို့ပြင် အိုးဘိုအကျဉ်းထောင်အပါအဝင် မန္တလေးတိုင်းအတွင်းရှိ ထောင်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်း ထောင်များ၏ အခြေအနေများကို စုံစမ်းလျက်ရှိပြီး သိရှိအတည်ပြုထားမှုများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်နေပြီး သေဆုံးထိခိုက်သူ အရေအတွက် ပိုများလာဟု မြို့ခံများပြောဆို

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်နေပြီး သေဆုံး ထိခိုက်သူ အရေအတွက် ပိုများလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး အများအပြား ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်လျက်ပြီး သေဆုံးသူ အရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။

“ထိခိုက်ပျက်စီးတာကော သေဆုံးတာကော များပါတယ်။ လူအများကြီးသေတယ်လို့ ကြားသိရပါတယ်။ KBZ ထဲမှာ လည်း ပိတ်မိနေတာတွေလည်း အခုချိန်ထိ ကယ်ထုတ်နေရတယ်လို့ သိရတယ်။ မနေ့ကတော့ KBZ ထဲမှာတင် ၄၅ ဦးလောက် သေဆုံးတယ်လို့ ကြားသိရတယ်။ အခြား လမ်းတွေ ဗလီတွေလည်း ပိတော့ ပျမ်းမျှ လူ ၁၀၀ မက လောက်ဘူး ထင်တယ်။ လမ်းတွေကလည်း အပျက်အစီးတွေနဲ့ပိတ်နေတော့ မြေပြင် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးတာပါ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် အင်းလေးဒေသတွင်လည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လက်ရှိချိန်ထိ ကျေးရွာ ၂ ရွာ၏ ထိခိုက်သေဆုံးမှု စာရင်းကိုသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိရရှိထားသော စာရင်းများအရ ကေလာကျေးရွာမှ ၄၁ ဦး သေဆုံးပြီး နေအိမ် ၈၁၈ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဇရပ်ကြီးရွာမှ လူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၃၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိစာရင်းအရတော့ ကေလာရွာနဲ့ ဇရပ်ကြီးရွာက သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံးလည်း ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်က ထပ်ရှိနိုင်ပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top