မနေ့က မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်၌ လှုပ်ခတ်ခဲ့ပြီးနောက် စစ်တပ် က နောင်ချိုမြို့နယ်၊ နောင်လင် ရွာအား မွန်းလွဲ ၂ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နောင်လင်ရွာသည် ငလျင်ဗဟိုချက်နေရာနှင့် မြေပြင်မျဉ်းဖြောင့်အတိုင်း ၄၅ မိုင်ခန့် ကွာဝေးပြီး ဗုံးကြဲခံရမှုကြောင့် ဓနု အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DPLA) တပ်ဖွဲ့ဝင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ငလျင်ဒဏ်ခံစားနေရချိန် လေကြောင်းသတိပေးချက် ဝင်လာသည့်အတွက် DPLA တပ်ဖွဲ့ဝင်များအနေဖြင့် ဗုံးခိုကျင်းအတွင်း ဝင်ပြေးချိန်တွင် ဗုံးသီးကျရောက်ပေါက်ကွဲကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း DPLA တပ်ဖွဲ့ဦးဆောင်သူ ဦးထွန်းထွန်းနိုင်က ပြောဆိုထားသည်။
မတ် ၂၆ ရက် ညပိုင်းကလည်း နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မခါး၊ သုံးဆယ်၊ ရွှေညောင်ပင်ရွာတို့အား လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပြီး မတ် ၁၆ ရက်၌လည်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကြဲမှုကြောင့် သံဃာတော် အပါအဝင် ၉ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့သည်။