ငလျင်အတွင်း တက္ကသိုလ်ဝင်တမ်း ဖြေဆိုသူ ၆၃ ,၀၀၀ နီးပါး ၏ အဖြေလွှာများ ပျက်စီး

မန္တလေးတက္ကသိုလ်မှာ ငလျင်ကြောင့် မီးလောင်ပြီး စာစစ်အဖြေလွှာသိန်းချီ မီးလောင်

မန္တလေးတက္ကသိုလ်မှာ စာမေးပွဲအဖြေလွှာတွေကို စာစစ်နေချိန် ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအရမ်းပြင်းတဲ့ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ မီးလောင်မှုကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်နေတဲ့ ၂၀၂၄ – ၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်က ဖြေဆိုသူ စုစုပေါင်း ၆၂,၀၀၀ ကျော်ရဲ့ အဖြေလွှာပေါင်း ၆၇၆,၀၀၀ ကျော်တို့က မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာစစ်လုပ်ငန်း ဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမ ၂၇၀ နီးပါးကလည်း ပြင်းထန်တဲ့ငလျင်ကြောင့် စာစစ်လုပ်ငန်း ဆောင်ရွက်နေတာကနေ ပင်မဆောင်အောက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်နောက်ဆက်တွဲ ဖြစ်ပွားတဲ့မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်တစ်ခုလုံး မီးလောင်ခဲ့ရသလို စာဖြေလွှာတွေအားလုံးလည်း မီးလောင်ခဲ့တာဖြစ်ပါတယ်။

“အရင်ကတော့ ပြန်စစ်တယ်။ အရန် မေးခွန်းထားတယ်။ သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ်၊ မေးခွန်းပေါက်တာပဲဖြစ်ဖြစ်ရှိလာရင် ရှိတဲ့ စာစစ်ဌာနမှာ အရန်မေးခွန်းနဲ့ ပြန်ဖြေ ခိုင်းတယ်”လို့ CDM ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။

ဒီအဖြေလွှာမေးခွန်းတွေ မီးလောင်သွားပြီးတဲ့နောက်ပိုင်း စာဖြေသူကျောင်းသားတွေအတွက် ဘယ်လိုဆက်လုပ်ပေးမယ်ဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ငလျင်အတွင်း တက္ကသိုလ်ဝင်တမ်း ဖြေဆိုသူ ၆၃ ,၀၀၀ နီးပါး ၏ အဖြေလွှာများ ပျက်စီး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအား စာစစ်နေချိန် ငလျင်လှုပ်ခတ်သဖြင့် အဆောက်အုံပြိုကျကာ မီးလောင်ခဲ့၍ တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့ မှ တက္ကသိုလ်ဝင်တန်း(Grade 12) ဖြေဆိုထားသည့် ကျောင်းသား ၆၂,၉၅၄ ဦး ၏ အဖြေလွှာမှာ မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၂၉ ရက် ညတွင် ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့တွင် ပြင်းထန်ငလျင်လှုပ်ခတ်ချိန်တွင် မန္တလေးတက္ကသိုလ်အတွင်း၌ ဆရာ၊ ဆရာမ ၂၆၇ ဦးခန့်သည် စာစစ်လုပ်ငန်း ဆောင်ရွက်နေပြီး ငလျင်လှုပ်ခတ်ချိန်တွင် စာစစ်ဆရာ၊ဆရာမများသည် ပင်မဆောင်အောက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲ​ မီးလောင်မှုလည်း ဖြစ်ပေါ်ခဲ့သဖြင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး တခုလုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများလည်း မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းမှ ဖြေဆိုသူ ၄၆,၉၄၄ ဦး ၏ အဖြေလွှာ ၂၈၀,၉၄၀အုပ်၊ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူ ၇,၃၁၁ ဦး၏ အဖြေလွှာ ၄၃,၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူ ၈,၆၉၉ ၏ အဖြေလွှာ ၅၂,၁၈၉ အုပ်တို့ မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ခါတိုင်းတော့ ဒီလိုတခါမှ မဖြစ်ဖူးဘူးဆိုတော့ ပြောရခက်တယ်။ ခုတာဝန်ယူထားတဲ့သူတွေ ဘယ်လိုစီစဉ်မလဲဆိုတာပေါ်မူတည်တယ်။ ပြန်ဖြေဖို့ဆိုတာကတော့ တော်တော်မလွယ်ဘူးလေ။ အကုန်အအောင်ပေးမလား ဒါလည်း မပြောနိုင်ဘူးဖြစ်နေတယ်။ သူတို့ပေါ်ပဲ မူတည်တာပေါ့နော်” ဟု ရန်ကုန်တက္ကသိုလ်မှ CDM ဆရာမတဦးက ပြောသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ မတ်လ ၂၂ရက်နေ့အထိ ကျင်းပခဲ့ရာ ပြည်တွင်း၊ပြည်ပ စာစစ်ဌာန ၈၁၇ မှ ကျောင်းသူကျောင်းသား ၂၀၈,၈၈၉ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ပုံအညွှန်း- မတ်လ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် ကျောင်းသူကျောင်းသားများ နှင့် မတ်လ ၂၈ ရက် ငလျင်ကြောင့် အဆောက်အအုံပြိုကျပြီး မီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ် ပင်မအဆောင် ပျက်စီးခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top