သုခဒိုင်းမွန်းစိန်တိုက် ပိုင်ရှင် ရုပ်အလောင်း တွေ့ရှိ

မန္တလေးမြို့၊ အောင်မြေသာစံ၊ လမ်း၆၀ရှိ Sky Villa Condo ပြိုကျမှုတွင် ပိတ်မိနေသည့် သုခဒိုင်းမွန်းစိန်တိုက်မိသားစုဝင်များထဲမှ စိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေ၏ ရုပ်အလောင်းတွေ့ရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောသည်။

“သူဌေးမတယောက်ပဲ ထုတ်လို့ရပါသေးတယ်။ ကျန်တဲ့သူတွေက ထုတ်နေကြတုန်းပါပဲ”ဟု ၎င်းက ပြောသည်။

သုခဒိုင်းမွန်းစိန်တိုက် မိသားစုဝင် လေးဦးနှင့် အိမ်အကူ သုံးဦးသည် ငလျင်ဖြစ်ပွားခဲ့သည် မတ်လ ၂၈ရက်ကတည်းက ပိတ်မိနေခဲ့ကြခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၃၁ ရက်) နံနက်ပိုင်းတွင် ဒေါ်မိုးသီတာ‌ေရွှ၏ ရုပ်အလောင်း ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မတ်လ ၂၉ရက် ညပိုင်းတွင် Sky Villa ကွန်ဒို ငါးလွှာကို စတင် ဝင်ရောက်ကယ်ဆယ်ရာမှ သုခဒိုင်းမွန်းစိန်တိုက် ပိုင်ရှင် မိသားစုဝင်များရှိသည့် လေးလွှာမှ အသံများကြားခဲ့ရသည့်အတွက် ပိတ်မိ မိသားစုဝင်အချို့တဝက်ကို အသက်ရှင်လျက် ကယ်ဆယ်၍ ရနိုင်မည်ဟု မျှော်လင့်ခဲ့ကြကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောသည်။

Sky Villa Condo သည် လေးလုံးတွဲဖြစ်ပြီး အပိုင်း ၁,၂, ၃ နှင့် ၄ ဟု ခေါ်ဆိုကာ ယခုပြိုကျနစ်ဝင်သွားသည်မှာ အပိုင်း ၂,၃, ၄ဖြစ်သည်။ အပိုင်း ၁မှာ ငါးထပ်ခန့်အောက်ကို ပြိုကျခဲ့ပြီး ခြောက်ထပ် အပေါ်တွင် တင်ကျန်နေကြောင်း သိရသည်။ အဆိုပါရပ်ကွက် ဧည့်စာရင်းအချက်အလက်များအရ Sky Villa Condo တွင် နေထိုင်သူ ၂၀၀ကျော်ရှိကြောင်း သိရသည်။

Sky Villa အဆောက်အဦကို မတ်လ ၃၁ ရက်၌ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ မနက်ပိုင်းတွင် အမျိုးသမီး နှစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသမီး နှစ်ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top