နိုင်ငံတကာသတင်းထောက်များ ငလျင်သတင်းယူရန် စစ်ကောင်စီ ခွင့်မပြု

အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ အောင်ပန်း အစရှိသည့်မြို့များ၌ ထိခိုက်သေဆုံးသူများစွာရှိသလို လက်ရှိအချိန်ထိ လူပေါင်းများစွာ ပိတ်မိ၍ ကူညီကယ်ဆယ်မှုများ အရေးတကြီး လိုအပ်နေသည့်အချိန်တွင် ငလျင်နှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းထောက်များမှ သတင်းယူခွင့်တောင်းသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း ယမန်နေ့ညတွင် ငြင်းဆိုလိုက်သည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “နိုင်ငံခြားသတင်းထောက်များ လာဖို့ ခွင့်တောင်းတာ ရှိပါတယ်။ နိုင်ငံခြား သတင်းထောက်များအနေနဲ့ ဒီကို ရောက်လာရင်လည်း ကျနော်တို့ တည်းစရာ နေစရာ အဆင်မပြေပါဘူး။ ဟိုတယ်တော်တော်များများကလည်း ထိခိုက်ထားတာရှိတယ်။ ဒါ့ပြင် လျှပ်စစ်မီးလည်း တော်တော်များ များနေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့ အားလုံးကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းနှင့်ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အစရှိသည့် တာဝန်ရှိသူများကအစ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေရသည့် အတွက် နိုင်ငံခြားသတင်းထောက်များအနေဖြင့် တည်းခိုရေးအပြင် သွားလာခြင်းတို့ အဆင်မပြေနိုင်ကြောင်း ၎င်းက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက အင်အား ၇ ဒသမ ၇ ပြင်းအားရှိသော ငလျင် လှုပ်ခတ်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသလို လူသေဆုံးမှုများလည်း ယနေ့ထိ မြင့်တက်နေဆဲဖြစ်ကာ ပိတ်မိနေသူများလည်းရှိနေဆဲ ဖြစ်သောကြောင့် နိုင်ငံတကာမှ အရေးပေါ်အကူအညီများလိုအပ်နေသလို နောက်ဆက်တွဲ ငလျင်ငယ်များ ယနေ့နံနက်ပိုင်းအထိ လှုပ်ခတ် နေဆဲ ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top