စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆောက်အဦ အောက်ပိတ်မိနေသူများကို ဦးစားပေး ကယ်တင်ခြင်း မရှိဘဲ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း ရက်သတ္တပတ်သတ်မှတ်
ငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦးအောက်ပိတ်မိနေသူများ အသက်ရှင်ရေးအတွက် ဦးစားပေး ကယ်တင်ခြင်းမရှိဘဲ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း ရက်သတ္တပတ်သတ်မှတ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ဖြင့် ထုတ်ပြန်သည်။
ယနေ့ မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော် အလံတစ်ဝက်တိုင်ဝက်လျှော့ချလွှင့်ထူရမည်ဖြစ်ကြောင်းသိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မတ်လ ၃၀ ရက်က ငလျင်ဘေးဒဏ် သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေး တစ်ရပ် ပြုလုပ်စဉ် နိုင်ငံတကာထံ အကူညီတောင်းခံရာတွင် ကူညီကယ်ဆယ်ရေးအပိုင်းကို ဦးစားပေးခြင်းမရှိဘဲ ပြန်လည် ထူထောင် ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများ အလှူခံသည့်အကြောင်းအရာများသာ ပြောကြားခဲ့သည်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအားရှင်းလင်း ဖယ်ထုတ်ခြင်း အပိုင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်း ဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည် ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း သုံးပိုင်းဖြင့် ဆောင်ရွက်သွားရမည် ဟု စစ်ခေါင်းဆောင်က ကယ်ဆယ်ရေးအပိုင်းကို ဦးစားပေးခြင်းမရှိဘဲ ပြောဆိုခဲ့သည်။
” အဲဒီ sky villa မှာပိတ်မိနေတဲ့ လူတွေကို မြန်မြန်ကယ်နိုင်ရင်ကောင်းမယ်။ အန်တီမိုး (သုခဒိုင်းမွန်းစိန်ဆိုင်)မိသားစုတွေ အရမ်းသဘောကောင်းတာ၊ ဘယ်သူအလှူခံခံ ပေးလှူတယ်။ ကျောက်မဲကနေ မန္တလေးပြောင်းလာကြတဲ့သူတွေ အလှူပေးတဲ့သူတွေ သနားပါတယ်။ မင်းအောင်လှို င်က လူကယ်ဖို့မလုပ်ဘူး။ ကယ်ဆယ်ရေးလာတဲ့ ထိုင်ဝမ်အဖွဲ့ပြန်လွှတ်တယ်ကြားတယ်။ သူ့ဘာလုပ် မှာမလို့လဲ။ ပြည်သူတွေအသက်လာကယ်တဲ့သူတွေလေ။ နိုင်ငံတကာအကူညီတွေအကုန်လက်ခံရမှာ ” ဟု ငလျင်ဘေးကြုံတွေ့နေရသူ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးနိုင်ခြင်းမရှိသောကြောင့် အိမ်ပြိုကျ သူများတွင် ငွေကြေးတတ်နိုင်သူများက ပြင်ဦးလွင်သို့ ပြောင်းရွှေ့နေထိုင်နိုင်သော်လည်း ငွေကြေးခက်ခဲ သူများက အိမ်ပြိုကျရာနေရာနှင့် လမ်းပေါ်များတွင်သာ တဲထိုးနေရကြောင်း သိရသည်။
” မင်းအောင်လှိုင်က ဘာမှလုပ်မပေးဘူး။ ကိုယ်ထူကိုယ်ထ ကိုယ့်ဘာသာအဆင်ပြေသလိုနေနေရတာ။ သေတဲ့သူလည်းမကယ်ဘူး။ ရှင်တဲ့သူတွေကိုလည်း ဘာမှမထောက်ပံ့ဘူး။ မစီစဉ်ပေးနိုင်ဘူး။ သူအာဏာသိမ်းကတည်း တစ်နိုင်ငံလုံးဒုက္ခရောက်တာ ” ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ကို ဗဟိုပြုကာ အင်အားပြင်းထန်သော ရစ်(ခ်)တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ အဆင့်ရှိသည် ငလျင်ကြီးများလှုပ်ခတ်ပြီးနောက် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်အပါအဝင် နေရာဒေသ ခြောက်ခုတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်