ဘန်ကောက် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၁၅ ဦးအထိ တိုးလာခဲ့ပြီး ထိခိုက်ခဲ့သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး
သေဆုံးသူများတွင် အထောက်အထားရှိသူများကို ဘတ် ၁၇ သိန်းလျော်ကြေးပေး၍ အထောက်အထား မရှိသူများကို သင့်တော်သည့်လျော်ကြေးငွေပေးအပ်မည်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အင်အားပြင်း ငလျင်ကြောင့် အထပ်မြင့် အစိုးရစာရင်းစစ်ရုံး ပြိုကျမှုတွင် သေဆုံးသူ ၁၅ ဦးအထိရှိလာပြီး ကိုး ဦး ထိခိုက်ဒဏ်ရာရရှိကာ ၇၂ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။
အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်မှုများခံစားခဲ့ရသည့် မိသားစုဝင်များမှာ ထိုင်းနိုင်ငံ ပြည်နယ် အနှံ့အပြားမှ ပြိုကျအဆောက်အအုံအနီးတွင် လာရောက်စောင့်ဆိုင်းနေကြသည့်အတွက် ၎င်းတို့ကို ယာယီရွက်ဖျင်တဲများတွင် စောင့်ဆိုင်းခွင့်ပြုထားပြီး ယနေ့ဧပြီ ၂ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်မှလည်း နစ်နာသူမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်သည် နစ်နာသူ မိသားစုဝင်များနှင့် ၁၅ မိနစ် ခန့်တွေ့ဆုံကာ နှစ်သိမ့်အားပေးခဲ့ပြီး ကျန်းမာရေးဂရုစိုက်ရန်၊ နေမကောင်းမဖြစ်ရန် အစားအစာများ စားသောက်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုင်းအစိုးရအနေဖြင့် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူများတွင် အထောက်အထားရှိသူများ ကို ဘတ် ၁၇ သိန်းလျော်ကြေးပေးပြီး ကျန်အထောက်အထားမရှိသူများကိုလည်း ညှိနှိုင်းကာ သင့်တော်သည့် လျော်ကြေးငွေများ ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် အသက်ရှင်ကျန်ရစ်သူရှိနိုင်ခြေမြင့်သည့် အဆောက် အအုံ၏ ဇုံ-B တွင် ကရိန်းများသုံးကာ ရှာဖွေနေပြီး ယမန်နေ့ ဧပြီ ၁ ရက်နေ့က အဆင့်မြင့် ကိရိယာများဖြင့် စကင်ဖတ်ရှာဖွေခြင်းတွင် ဇုံ-B နှင့် C မှ ရုပ်အလောင်း ၁၂ လောင်းခန့်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်ရှိ အဆိုပါ အထပ် ၃၀ မြင့် စာရင်းစစ်ရုံးပြိုကျမှုတွင် ထိုင်းနိုင်ငံမှ အဆင့်မြင့် ကယ်ဆယ်ရေးကိရိယာများ၊ အစ္စရေး နှင့် အမေရိကန် နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ၊ အထူးလေ့ကျင့် ထားသည့် ကယ်ဆယ်ရေးခွေးများ အသုံးပြုကာ အင်အားအများအပြားဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – The Nation Thailand