ငလျင်ဘေးသင့် မန္တလေးမှာ သူခိုးတွေအုပ်စုဖွဲ့ပြီး ပြိုပျက်နေတဲ့ နေအိမ်တွေထဲ ဝင်ရောက်လုယက် ခိုးယူ သောင်းကျန်းနေ
ငလျင်ဘေးသင့်နေတဲ့ မန္တလေးမြို့ပေါ်မှာ သူခိုးတွေ အုပ်စုဖွဲ့ပြီး ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို စိတ်တိုင်းကျ ဝင်ရောက်လုယက်သယ်ဆောင်ကာ သောင်းကျန်းနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ မန္တလေးမြို့ပေါ်က နေအိမ်အဆောက်အဦအများစုဟာ အိမ်ပိုင်ရှင်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာကြောင့် လူမရှိဘဲ အဆောက်အဦအလွတ်အဖြစ် ရှိနေတာ ဖြစ်ပါတယ် ။
အဆိုပါ အဆောက်အဦ အလွတ်အတွင်းက အဖိုးတန်ပစ္စည်းတွေကို အုပ်စုဖွဲ့ပြီး လုယက်ယူဆောင်နေကြတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲဒီလို အုပ်စုဖွဲ့သောင်းကျန်းနေတဲ့ သူခိုးတွေဟာ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်တာတင်မကဘဲ ငလျင်ဘေးသင့်လို့ ကွင်းပြင်မှာ လာရောက်တိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဆီကပါ အလစ်အငိုက်ဝင်ရောက်ပြီး ပစ္စည်းခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း မြို့ခံပြည်သူတွေက လူမှုကွန်ရက်မှာ အသိပေးရေးသားထားကြပါတယ်။
နေအိမ်တွေ ပြိုကျပျက်စီးခဲ့တာကြောင့် စိတ်ထိခိုက်နေချိန်မှာ သူခိုးတွေက လူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး ပြိုကျနေတဲ့ အိမ်တွေထဲဝင်ရောက်ကာ ပစ္စည်းတွေကို စိတ်ကြိုက်သယ်ယူနေကြတာဖြစ်သလို နေအိမ်ပျက်စီးထိခိုက်လို့ လူထိခိုက်သေဆုံးတာအပြင် နေအိမ်တွေထဲက ပစ္စည်းတွေကိုပါ ထပ်မံဆုံးရှုံးနေရတာကြောင့် အဲဒီလို သောင်းကျန်းနေတဲ့ သူခိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အရေးယူဖြေရှင်းပေးဖို့ကိုလည်း မြို့ခံတွေက လူမွန်ကွန်ရက်မှာ ရေးသားတောင်းဆိုထားကြပါတယ်။
“အခုချိန်က တောမီးလောင်တော့ တောကြောင်တွေက လက်ခမောင်းခတ်ကြတာပေါ့ဗျာ။ ငလျင်လှုပ်လို့ အိမ်ပြိုကျတဲ့အခါမှာ ပစ္စည်းတွေက အိမ်ထဲမှာပဲ ပစ်ထားခဲ့ရတာ။ အဲဒီလို အိမ်ပြိုတဲ့အထဲမှာရှိနေတဲ့ ပစ္စည်းတွေကို ဝင်ခိုးနေကြတာ။ လူအုပ်စုလိုက် ငလျင်ဘေးရှောင်နေရတဲ့နေရာတွေမှာလည်း ပစ္စည်းဝင်ခိုးသွားတာတွေရှိသေးတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မန္တလေးမြို့မှာ ငလျင်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားခဲ့တဲ့ မြို့ခံပြည်သူတွေဟာ နေအိမ်တွေကို ပစ်ထားခဲ့ရပြီး ဘေးလွတ်ရာကိုသွားရောက်တိမ်းရှောင်နေကြရတာ အများအပြားရှိနေတာကြောင့် လူမရှိတဲ့ နေအိမ်တွေကို သူခိုးတွေက အုပ်စုဖွဲ့ အတားအဆီးမရှိ ဝင်ရောက်လုယက်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့ပေါ်က ငလျင်ဘေးသင့်နေတဲ့ ပြည်သူတွေဟာ အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး လျှပ်စစ်မီးပြတ်တောက်နေဆဲကြောင့် သောက်သုံးရေမရရှိတာ၊ အစားအသောက်မရရှိတာ၊ အဝတ်အထည်တွေ လိုအပ်တာ စတဲ့ အကူအညီတွေလိုအပ်နေသလို ကိုယ်ထူကိုယ်ထ အလှူရှင်တွေက လာရောက်လှူဒါန်းနေပေမယ့် လိုအပ်ချက်တွေအများအပြားရှိနေဆဲဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပုံစာ-မန္တလေးမြို့တစ်နေရာကို ညဘက်မှာတွေ့ရစဉ်၊Photo-CJ