ငလျင်ဘေးသင့်ဒေသများ၌ ခိုးဆိုးလုယက်မှုများ ဆိုးရွားလာ

အင်အားကြီးငလျင်ဘေးဒဏ်ရင်ဆိုင်ကြုံတွေ့လိုက်ရသော မန္တလေး၊နေပြည်တော်အပါအဝင် ဘေးသင့်မြို့နယ်များ၌ ပြိုပျက်၍ လူမနေထိုင်နိုင်သည့် နေအိမ်များအတွင်း ဝင်ရောက်ခိုးယူလုယက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်း စသည့် ရာဇဝတ်မှုများဖြစ်ပွားနေပြီး စိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများကပြောသည်။

မန္တလေးမြို့တွင် ခိုးယူ၊လုယက်သူများက ပလုံကောက်သမားများဟန်ဆောင်၍ ပိုင်ရှင်မဲ့အိမ်များအတွင်းမှ အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ယူဆောင်နေသည်ဟု ဘေးသင့်ဒေသခံတဦးကပြောသည်။

” အမှန်တကယ် ပလုံကောက်ခွက်ကောက်လူတန်းစားတွေမဟုတ်ဘဲ အုပ်စုလိုက်ဖွဲပြီး အိမ်တွေမှာ အနုကြမ်းစီးသလို၊ အကြမ်းဖက်သလိုပုံစံမျိုးတွေ၊ အိမ်ရှင်တယောက်တည်းဆိုရင် ဒါကိုမပြောရဲတာမျိုးတွေ ကြုံတွေ့နေကြရတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့သည် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးခံစားရပြီး‌ နေအိမ်အဆောက်အဦးပျက်စီးသွားသူအများစုသည် ယာယီကယ်ဆယ်ရေးစခန်းနှင့် နီးစပ်ရာနေရာများတွင် ခိုလှုံနေကြရသည်။

လက်ရှိဖြစ်နေသော ခိုးဆိုးလုယက်မှုများကို စစ်ကောင်စီက ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

ပြိုကျသွားသည့် မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်အချို့သည် ကွင်းပြင်‌တနေရာ၌ ယာယီသတင်းသုံးနေစဉ် မတ်လ ၂၉ရက်ညက လူတစု၏ လုယက်ခြင်းခံခဲ့ရကြောင်း သိရသည်။

” အမှိုက်တွေရှိနေတဲ့ ဝိုင်းထဲမှာ အမိုးအကာမရှိ အခင်းသန့်သန့်မရှိ၊ သောက်စရာစားစရာ၊ ဘေးမှာမရှိ၊ ခြင်ခတ်ဖို့ယပ်တခု ရေခွက်တလုံး ဘေးထားပြီး ကျိန်းဖို့ပြင်နေတုန်း လူငါးယောက်က ဓားထောက်ပြီး ဖုန်းအဟောင်းတွေကိုလုသွားပါတယ်” ဟု မန္တလေးမြို့မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေပေးနေသူတဦးကပြောသည်။

ပြိုကျခြင်းမဟုတ်ဘဲ တိမ်းစောင်းသွားခြင်း ၊နံရံအက်ကွဲရာဖြစ်ပေါ်ခြင်းကြောင့် ဆက်မနေရဲဘဲ ရှောင်တိမ်းနေကြရသူများ၏ အိမ်အတွင်း ကျန်ရှိနေသည့် တန်ဖိုးကြီးပစ္စည်းများ ခိုးယူခံနေကြရကြောင်း သိရသည်။

“ခိုးတာမှ ဘာမှမကျန်ဘူး။ ဒီလောက် အန္တရာယ်တွေကြားထဲကနေ ဘယ်အချိန်မှာ ဘယ်လိုဝင်ယူသွားကြလဲမသိတော့ပါဘူးဗျာ။ ကျွန်တော်တို့မှာ အခု အိမ်လည်းပျက်၊ ဘာမှလည်းမကျန်နဲ့ လမ်းဘေးမှာနေပြီး ဒုက္ခတွေရောက်ရတဲ့အထဲ တပူပေါ်နှစ်ပူဆင့်တွေပါ။ တော်တော်လည်းခက်ပါတယ်။ ဘယ်လိုစိတ်နဲ့များလုပ်ရက်ကြတာလဲလို့ဗျာ” ဟု မန္တလေးမြို့ခံတဦးကပြောသည်။

ငလျင်ဘေးဒဏ်ဆိုးရွားစွားခံခဲ့ရသည့် နေပြည်တော်၌လည်း ခိုးမှု၊ ဓားပြမှုများဖြစ်ပေါ်‌နေပြီး လုံခြုံမှုရှိတော့ကြောင်း ဒေသခံများကပြောသည်။

မတ်လ ၃၁ ရက်ညက နေပြည်တော် သဇင် (၆) အဆောင်(၁၅)၌ အဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများကလူမှုကွန်ရက်၌ တင်ထားကြသည်။

” အဆောင်တွေဘက်ကို လူစိမ်းတွေရောက်လာတယ်။ ပြိုကျမှာစိုးလို့ ကျမတို့ကပြန်မနေရဲဘူး။ ဌာနကလည်းမနေခိုင်းဘူး။ ဒါပေမဲ့ လုံခြုံရေးအစီအမံတွေလည်းမရှိနေဘူး။လုံခြုံရေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်နေရတယ်”ဟု နေပြည်တော်မှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းတဦးကပြောသည်။

အဆိုပါ ရာဇဝတ်မှုများကြောင့် စိုးရိမ်ကြောင့်ကြပူပန်နေကြရကြောင်း ငလျင်ဘေးဒဏ်သင့်သူများ ပြောသည်။ ရာဇဝတ်မှုများ ယခုထက်ပိုမို ဆိုးရွားမလာစေရန်နှင့် မလိုလားအပ်သည့် ပြဿနာများကြီးထွားမလာစေရန် လုံခြုံရေးကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုကြသည်။

” အစိုးရဆိုတဲ့သူတွေက ဘယ်သွားဘာလုပ်နေကြလဲမသိပါဘူးဗျာ။ ခက်ပါတယ်။ အလုပ်အကိုင်တွေလည်းမရှိကြတော့ဘူး။ ရေရှည်မှာ အရမ်းခက်ခဲနေကြပြီ။ ဒါတွေကို မြန်မြန်ဘယ်လိုဖြေရှင်းမှာလဲ။ အဲ့တာကနေ ရာဇဝတ်မှုတွေကိုထပ်ပြီး လက်ယက်ခေါ်နေပြီ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မတ်လ ၂၈ ရက်နေ့က မန္တလေးနှင့်စစ်ကိုင်းမြို့အနီးဗဟိုပြုခဲ့သည့် ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ အင်အားကြီးငလျင်ကို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ဆိုးရွားစွာခံစားခဲ့ရသည်။

လူဦးရေ ၈သန်းကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁ရက်တွင်ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် သေဆုံးသူ ၂,၇၁၉ ဦး ရှိပြီး ၄,၅၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ ၍ ၄၄၁ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၁ ရက်ညပိုင်းအထိ ပြုစုထားသည့် စာရင်းများအရ ငလျင်ကြောင့် သေဆုံးသူ ၃,၆၆၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃,၅၂၄ ဦး ရှိနေပြီဖြစ်သည်။

ငလျင်ဘေးဒဏ်သင့်ဒေသများတွင် အမိုးအကာ၊ ရေသန့်နှင့်ဆေးဝါးများ ရှားပါးပြတ်လပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးထားပြီး အဆိုပါအခြေအနေများက ရာဇဝတ်မှုများအတွက်စိုးရိမ်စရာဖြစ်လာကြောင်း ဘေးဒဏ်သင့်ပြည်သူများကပြောသည်။

ပုံအညွှန်း – အင်အားကြီးငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းအပါအဝင် ငလျင်လှုပ်ခတ်ရာနေရာများတွင် ဒေသနေသူအများအပြားနေအိမ်များဆုံးရှုံးခဲ့ကြရသည်။ ထို့အပြင် ယခုတွင် ငလျင်ဘေးသင့်ဒေသများ၌ ခိုးဆိုးလုယက်မှုများလည်းဆိုးရွားလာသောကြောင့် ဘေးသင့်သူများစိုးထိတ်နေကြရပြန်သည်။ (ဓာတ်ပုံ – CJ)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top