ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြီး စုပေါင်းရှင်ပြုပွဲကို ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်

ငလျင်ဒဏ်သင့်၍ ပြည်သူထောင်ချီသေဆုံးနေသော်လည်း ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြီး စုပေါင်းရှင်ပြုပွဲကို ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းစစ်ကောင်စီက ယမန်နေ့တွင် စုပေါင်းရှင်ပြုပွဲကိုပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးသော စုပေါင်းရှင်ပြုပွဲနှင့် လှည့်လည်ပွဲသို့ မြို့နယ်ထွေ/အုပ်များက တက်ရောက်ခဲ့ရပြီး ရွှေတိဂုံစေတီတော်တွင် လှည့်လည်ပွဲများကို လုံခြုံရေးတင်းကျပ်စွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ငလျင်မဖြစ်ခင်ကတည်းက ရှင်ပြုပွဲက စီစဉ်ထားလို့ လုပ်တာ။ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ ရင်ပြင်မှာ လူစုပြီး ရွှေတိဂုံ စေတီမှာ လှည့်လည်ခဲ့ပါတယ်။ မြို့နယ်ထွေ/အုပ်တွေကတော့ မဖြစ်မနေ တက်ခဲ့ရတယ်” ဟု ရှင်ပြုပွဲ တက်ရောက်ခဲ့ရသည့် မြို့နယ်ထွေ/အုပ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ ရှင်ပြုပွဲကို ရန်ကုန်တိုင်းစစ်ကောင်စီက ယမန်နေ့ နံနက်ပိုင်း ကျင်းပ လုပ်ဆောင်ခဲ့ရာတွင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ မြောက်ဘက်မုခ်၊ အနောက် ဘက်မုခ်များကို လမ်းပိတ်ခဲ့ပြီး လင့်လမ်း အပါအဝင် ရွှေတိဂုံဘုရားပတ်ပတ်လည် လမ်းများအားလုံးကိုလည်း ပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ငလျင်ဒဏ်သင့်နေချိန် ရန်ကုန်တိုင်းစစ်ကောင်စီက ရှင်ပြုပွဲနှင့်ပတ်သက်၍ အဝေဖန်ခံရမည်စိုးရိမ်သောကြောင့် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ပြည်သူ ၃၀၀၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်များစွာ ပြိုကျပျက်စီးခဲ့ရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top