မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၄,၉၁၁ ဦးရှိကြောင်း ကောက်ယူထားသည့် အချက်အလက်အရများ သိရသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ယနေ့(ဧပြီ ၅ ရက်)အထိ တပတ်အတွင်း ကောက်ယူထားသည့် စာရင်းအရ မန္တလေးတိုင်းအတွင်းမှ မန္တလေး၊ တံတားဦး၊ မတ္တရာ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကူး၊ စဉ့်ကိုင်မြို့နယ်များမှ သေဆုံးသူ ၃,၃၂၅ ဦး၊ ဒဏ်ရာရသူ ၂,၆၄၂ ဦး၊ စစ်ကိုင်းတိုင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ စသည့် မြို့နယ်များမှ သေဆုံးသူ ၇၂၂ ဦး၊ ဒဏ်ရာရရှိသူ ၃၀၀ ဦး၊ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးတို့မှ သေဆုံးသူ ၅၉၃ ဦး၊ ဒဏ်ရာ ရရှိသူ ၇၈၂ ဦး၊ ပဲခူးတိုင်းမှ တောင်ငူ၊ ဖြူး၊ ကျောက်ကြီး၊ ကျောက်တံခါး၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်း တပင်စသည့်မြို့နယ်များမှ သေဆုံးသူ ၁၁၉ ဦး၊ ဒဏ်ရာရသူ ၅၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ညောင်ရွှေ မြို့နယ် အင်းလေးဒေသ၊ အောင်ပန်း၊ ပင်လောင်း စသည့်မြို့နယ်များမှ သေဆုံးသူ ၁၅၂ ဦး၊ ဒဏ်ရာရသူ ၁၀၀ ဦး စုစုပေါင်း သေဆုံးသူ ၄,၉၁၁ ဦး၊ ဒဏ်ရာရသူ ၅,၉၇၈ ဦး ပျောက်ဆုံးနေသူ ၇၆၉ ဦးရှိကြောင်း ကောက်ယူရရှိထားသည်။
စစ်ကောင်စီ၏ ဧပြီလ ၄ ရက် ညနေ ၆ နာရီအချိန်ထုတ်ပြန်ချက်တွင် ငလျင်ကြောင့် သေဆုံးသူ ၃,၃၅၄ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၀၈ ဦးနှင့် ပျောက်ဆုံးသူ ၂၂၀ ဦးရှိကြောင်း ဖော်ပြထားသည်။
ပုံ-ကျောက်ဆည်မြို့တွင် ငလျင်ကြောင့် ပျက်စီးမှုများအား ရှင်းလင်းနေသည်ကို ဧပြီ ၄ ရက်နေ့ကတွေ့ရစဉ်(Photo-AFP)