အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်သည် အစည်းအဝေးပြီးသည်နှင့် သတ်မှတ်ရက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ည ၉ နာရီတွင် ဘန်ကောက်မြို့မှ ထွက်ခွာပြီး ည ၁၀ နာရီအချိန် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဧပြီလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စစ်တပ် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဧပြီလ ၄ ရက်နေ့ BIMSTEC အစည်းအဝေး တက်ရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ညတွင်းချင်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ မူလပြန်ရန် သတ်မှတ်ထားသည့်ရက်မှာ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မှ ဘန်ကောက်မြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာရန် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ဧပြီလ ၄ ရက်နေ့ ညတွင်းချင်း နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံအသွားအပြန် ခရီးစဉ် သတ်မှတ်အချိန်ဇယားမှာ ဧပြီလ ၃ ရက်နေ့တွင် စစ်တပ် အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 သည် ဧပြီလ ၃ ရက်နေ့ နေပြည်တော်မှ ဘန်ကောက်သို့ စစ်ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးကို သွားရောက်ပို့ဆောင်ပြီး နေပြည်တော်သို့ ပြန်လည်ဆိုက်ကပ်ခြင်း ၊ ဧပြီလ ၄ ရက်နေ့ နေပြည်တော်မှ ဘန်ကောက်သို့ သွားရောက်ပြီး ညအိပ်ရပ်နားကာ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မှ စစ်ခေါင်းဆောင်နှင့်အဖွဲ့ကို ဘန်ကောက်မှ နေပြည်တော်သို့ ပြန်ခေါ်လာရန် သတ်မှတ်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွက် စစ်တပ် အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ကို ဒုဗိုလ်မှူးကြီး မင်းမင်းစိုးက လေယာဉ်မှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူး နေထွန်းဦးက အကူလေယာဉ်မှူး၊ ဗိုလ်ကြီး မင်းမင်းထိုက်က အကူလေယာဉ်မှူး၊ ဗိုလ်ကြီး အောင်ကျော်မြင့်က လေကြောင်းအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ဗိုလ်ကြီး ဒေါ်ချိုသက်ထားက လေကြောင်းလမ်းညွှန်အရာရှိအဖြစ်လည်းကောင်း ပို့ဆောင်ခဲ့ရသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေစဉ် ထိုင်းကျောင်းသားများနှင့် ထိုင်းပြည်သူများ ၏ဆန္ဒပြမှုများ ကြုံတွေ့ရသည့်အပြင် အာဂျင်တီးနားတရားရုံးကလည်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် ဖမ်း ၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)သို့ ပေးပို့ပြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် မေတ္တာရပ်ခံမှုများ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။

ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့များက တိုက်ခိုက်ရန်ကြိုးစား၊ ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကို ကာကွယ်ခေါ်ထုတ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့များက လာရောက်နှောင့်ယှက်တိုက်ခိုက်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြ အဖွဲ့ခေါင်းဆောင်ကို ကာကွယ်ခေါ်ထုတ်သွားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မင်းအောင်လှိုင်ကို ဆန့်ကျင်ရေး သပိတ် မစတင်မီ ဆန္ဒပြ အဖွဲ့ ဖြစ်သော Bright Future အဖွဲ့ မှ ခေါင်းဆောင် ဗီရ ရောက်ရှိလာကြောင်း၊ အဆိုပါ ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကို ထိုင်းအမျိုးသားရေးအဖွဲ့များက ၀ိုင်းဝန်း တိုက်ခိုက်ရန် ကြိုးစားသဖြင့် ထိုင်းရဲတပ်ဖွဲ့က တားဆီးခဲ့ရကြောင်း၊ ယင်းနောက် ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြ အဖွဲ့ ခေါင်းဆောင် ဗီရကို ဘေးကင်းရာ သို့ ခေါ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်မည့် မင်းအောင်လှိုင်ကို ဆန့်ကျင် ဆန္ဒပြပွဲမှာ တရားဝင်ခွင့်ပြုချက် တောင်းခံ၍ ပြုလုပ်မည့် ဆန္ဒပြပွဲ ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအမျိုးသားရေးအဖွဲ့များမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ် သက်၍ သဘောထားတင်းမာသော အဖွဲ့များဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ထိုင်းမြေကို ကာကွယ်ရမည်ဟု ကြွေးကြော်နေသော အမျိုးသားရေး လှုပ်ရှားသူများလည်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသော တက္ကသိုလ်ကျောင်း သားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအဝင် ထိုင်းပညာ တတ်လူတန်းစားများ ရှိသကဲ့သို့ မြန်မာရွှေ့ပြောင်းများ အပေါ် သဘောထားတင်း မာသော ထိုင်းအခြေခံလူတန်းစားတချို့ ပါဝင်သော ထိုင်းအမျိုးသားရေးအဖွဲ့များလည်း ရှိနေကြောင်း ထိုင်းရောက် မြန်မာများထံမှ သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- The Reporter နှင့် Prachatai ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top