မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စာကြင်းဝရပ်ကွက်တွင် ငလျင်ဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းပြီး ပြန်လာသည့် မော်တော်ယာဉ်မောင်းနှင့် မီနီအိုးဝေမောင်းသူတို့ စကားများရာမှ ယာဉ်ပေါ်လိုက်ပါလာသူများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သူ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါဖြစ်စဉ်သည် အမရပူရမြို့နယ်၊ ငယ်တိုးအုပ်စု၊ စာကြင်းဝရပ်ကွက်တွင် ယမန်နေ့ (ဧပြီလ ၃ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပစ္စည်းလှူဒါန်းရန် လာသည့်ကားနှင့် မီနီအိုးဝေ ထိခိုက်မိရာမှ စကားများကြပြီး၊ မီနီအိုးဝေပိုင်ရှင်၏ မိသားစုဝင်များ ရောက်လာကာ ကားမောင်းသူနှင့် ကားပေါ်လိုက်ပါလာသူများကို ဝိုင်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဖြစ်တဲ့နေရာက လမ်းကလည်း ကျဉ်းတယ်။ လာလှူတဲ့ ကားက အပြန် လမ်းတဖက်မှာ ရေလှူနေတဲ့ကားကလည်း ရှိတော့ ကျော်တက်လိုက်တဲ့အချိန်မှာ ရပ်ထားတဲ့ မီနိအိုးဝေ ကို ခိုက်မိသွားတယ်။ ခိုက်မိတဲ့အချိန်မှာ မီနီအိုးဝေမောင်းသူနဲ့ ကားသမား တယောက်တခွန်းစကားများရာက လက်ပါကြတာ” ဟု ဖြစ်စဉ်ကို သိရှိထားသူ ဒေသခံက ဆိုသည်။
ထိုဖြစ်စဉ်ကြောင့် မော်တော်ယာဉ်မောင်းသူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကားပေါ်လိုက်ပါလာသူ သုံးဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“လက်ရှိတော့ အတိအကျ သိတဲ့သူသုံးဦးကို ဖမ်းဆီးထားတယ်။ ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးရှိပါတယ်” ဟု ဒေသခံက ဆက်ပြောသည်။
ယမန်နေ့က လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တခုတွင် ကားများအကြား တုတ်နှင့် သံတူရွှင်းကိုင်ဆောင်ထားသူများက လူသုံးဦးကို ရိုက်နှက်နေပြီး၊ အမျိုးသားတဦးက သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့သည်ကို တွေ့ရသည်။
ထိုသေနတ်ပစ်ဖောက်သူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဖြစ်ကြောင်း သတင်းရင်းမြစ်တရပ်က ပြောဆိုသည်။
“သေနတ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပေးထားတာပါ။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေမှာ မရှိပါဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။
ဝိုင်းရိုက်နှက်ခံရသည့် ယာဉ်မှာ မန္တလေးမြို့ နန်းတွင်းရှိ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်တွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖော်ပြခဲ့ပြီးနောက်၊ ယနေ့ (ဧပြီလ ၄ ရက်) တွင် ဖြစ်စဉ်ဖြစ်ပွားရာ ရပ်ကွက်သို့ လာလှူမည့် အလှူရှင်များ မလာရဲကြတော့သဖြင့် ရပ်ကွက်တာဝန်ရှိသူများက လမ်းထိပ်အထိ သွားရောက်ခေါ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။
“ အခုလိုအဆင်မပြေတဲ့ကာလမှာ တယောက်နဲ့တယောက် ဒေါသတွေရှေ့တန်းမတင်ဘဲ ညှိညှိနှိုင်းနှိုင်းလေး လုပ်စေချင်ပါတယ်ဗျာ။ လာလှူတဲ့အလှူရှင်တွေကိုလည်း စိတ်အနှောင့်ယှက် မဖြစ်ရလေအောင် စနစ်တကျလေးနဲ့ ဝေတာလေးယူပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ အချင်းချင်းစည်းလုံးညီညွတ်မှ လိုချင်တဲ့ တိုးတက်တဲ့နိုင်ငံပြန်ရမှာပါ” ဟု အမရပူရမြို့နေဒေသခံတဦးက မှတ်ချက်ပြုပြောသည်။
မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ များပြားခဲ့ပြီး၊ ငလျင်လှုပ်ခတ်ပြီး တပတ်ပြည့်သည့် ယနေ့အထိ ပျက်စီးမှုများ၏ ၇၀ ရာခိုင်နှုန်းခန့်တွင်သာ ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်များကို အလှူရှင်များက လာရောက်လှူဒါန်းနေသော်လည်း၊ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ကြီးကြောင့် ဧပြီလ ၃ ရက်အထိ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် သေဆုံးသူ ၃,၁၄၅ ဦးရှိပြီး၊ ၄,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။