အဆောင်ပိုင်ရှင် အပါအဝင် အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်း ထွက်ပေါ်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ ၃၈လမ်း၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ ခြောက်ထပ်အမြင့် ရွှေဝင်း အမျိုးသမီးအဆောင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးရာ အချိန်မီ ကူညီ ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့ဘဲ ရှစ်ရက်အကြာ ဧပြီလ ၅ရက်မှသာ စတင်တူးဖော်မှုတွေ ပြုလုပ်နိုင်တယ် လို့ သေဆုံးတဲ့ အဆောင်သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“(မနက်) ၈နာရီကျော်ဝန်းကျင်လောက်က စပြီး ဖြိုဖို့ စတင်ပါတယ်။ အဲ့ချိန်တုန်းက DB (Dead body) တစ်လောင်းကိုသာ တွေ့ပြီး ထုတ်မရသေးတာကြောင့် အချိန်ကြာမှ ထုတ်လို့ ရခဲ့ပါတယ်။ စုစုပေါင်း အဆောင်ပိုင်ရှင် မိန်းမ အပါဝင် သုံးလောင်း တွေ့ပါတယ်” လို့ သေဆုံးတဲ့ အဆောင်သူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောင်ရဲ့ အောက်ဆုံးထပ်နဲ့ ထပ်ခိုး ပြိုကျကာ ပိတ်မိနေသူတွေ ရှိနေခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးဖို့ လွတ်မြောက်လာတဲ့ အဆောင်သူတွေက အဆောင် တာဝန်ရှိသူတွေကို မတ်လ ၂၈ ရက် ကတည်းက တောင်းဆိုခဲ့ကြပေမဲ့ ကူညီကယ်ဆယ်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦးသာ ကျန်နေပြီး တခြား ပိတ်မိသူ မရှိကြောင်း အဆောင် တာဝန်ရှိသူ တွေက ငြင်းဆိုခဲ့ပြီး ယမန်နေ့ကတော့ အဆောင်ဘက်ကနေ အပုပ်နံ့တွေ ထွက်လာလို့ ရပ်ကွက်ကပါ ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ ပြောဆိုလာပြီးနောက် အခုလို ရှစ်ရက်ကြာမှာ ရှာဖွေရေး စတင် လုပ်ဆောင်တာ ဖြစ်တယ်လို့ အဆောင်သူတွေက ပြောပါတယ်။
“အရင်နေ့တွေက ပိတ်မိသူတွေ ကျန်နေခဲ့တဲ့သူတွေ ရှိပါတယ်လို့ အဆောင်သူတွေ ပြောတာတောင် မကျန်ဘူးဘဲ ပြောပြီး နေခဲ့တာပါ။ စဖြစ်တဲ့ နေ့တုန်းက ပြောတာကို ဒီနေ့မှ အဆောင်ကို စပြီး ရှာတာပါ” လို့ သေဆုံးတဲ့ အဆောင်သူနဲ့ ရင်းနှီးသူ အမျိုးသမီးက ပြောပါတယ်။
ခြောက်ထပ်အမြင့်ရှိတဲ့ ရွှေဝင်းအဆောင်မှာ အဆောင်ရဲ့ အပေါ်လေးထပ်မှာ အဆောင်သူတွေ နေထိုင်ကြပြီး အောက်ဆုံးထပ်မှာ ဆိုင်ကယ်၊ ကား ရပ်နားဖို့နဲ့ အောက်ဆုံးထပ်ရဲ့ အပေါ် ထပ်ခိုးမှာ အဆောင်ပိုင်ရှင် နေထိုင်တာ ဖြစ်တယ်လို့ အဆောင်သူတွေက ပြောပါတယ်။
အဲ့ဒီအဆောင်မှာ အဆောင်သူ ၄၀ ကျော် နေထိုင်ပြီး ငချင်လှုပ်ခတ်ချိန် ကား၊ ဆိုင်ကယ် ထားတဲ့ အောက်ဆုံးအထပ်နဲ့ အဆောင်ပိုင်ရှင်နေထိုင်တဲ့ အထပ်ခိုးက ပြိုကျသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အလောင်းပေါ်လာတဲ့ သေဆုံးသူ သုံးဦးထဲက တစ်ဦးဟာ အဆောင်သူ အသက် ၂၄နှစ်အရွယ် အလှအပရေးရာ ဘလော့ဂါ မအိသော်တာ (ခေါ်) ဆိုရာ၊ နောက်တစ်ဦးက အဆောင်ပိုင်ရှင်ရဲ့ အမျိုးသမီးနဲ့ နောက်တစ်ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မအိသော်တာ (ခေါ်) ဆိုရာရဲ့ ရုပ်အလောင်းကို အဆောင်ရဲ့ ဒုတိယအထပ်မှာ ကျောက်ပြားပိလျက် ရှာဖွေ တွေ့ရှိခဲ့ပြီး ဧပြီ ၅ရက်မှာ အလောင်း ထုတ်ယူ နိုင်ခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေဝင်းအဆောင်မှာ ပျောက်ဆုံးသူတွေ ရှိနိုင်တယ်လို့ အဆောင်သူတစ်ဦးက ပြောပါတယ်။
“CCTV တွေ ရှိတယ်။ သူတို့ ဘယ်လောက် ပိတ်မိနေလဲ သိသိနဲ့ သူတို့ လူတစ်ယောက်တည်း ပိတ်မိတယ် ပြောတာတော့ လွန်လွန်းတယ်။ ညီမတော့ မခန့်မှန်းတတ်ဘူး။ အဲ့နေ့က အခန်းဖော်ချင်း ရှာမတွေ့တဲ့သူ တွေ ရှိတယ်”
ရွှေဝင်းအဆောင်မှာ သေဆုံးသူ၊ ပျောက်ဆုံးသူ ဘယ်နှဦးရှိတယ်ဆိုတာ MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဆောင်ရဲ့ တာဝန်ရှိသူတွေဟာ အဆောင်ပိုင် ပစ္စည်းတွေကိုသာ အရင်သယ်ယူပြီး အဆောင်သူတွေရဲ့ ကျန်ရှိနေတဲ့ ပစ္စည်းတွေ ပြန်ယူဖို့ကို တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိဘူးလို့ အဆောင်သူတစ်ဦးက ပြောပါတယ်။
“တချို့က လူငှါးပြီး တက်ချရတာမျိုး ရှိတယ်။ သူတို့က တာဝန်မယူပေးဘူး ပြောလို့လေ။ အဲ့တာနဲ့ နောက်ရက် အုပ်ချုပ်ရေးမှူးရုံးတိုင်မှ သူတို့ ချပေးထားတဲ့ပစ္စည်းတချို့လည်း အုပ်ချုပ်ရေးမှူးရုံးကို ထားပေးတာ။ အစက ဟိုဟိုဒီဒီ ဂိုထောင်တွေ လာယူဆိုပြီး လျှောက်ပြောနေတာ။ …။ သူတို့ကို အခြေအနေ မေးမြန်းရင်တောင် ရင့်ရင့်သီးသီး ပြောပါတယ်။ သူတို့နဲ့ ဘာတစ်ခုမှ မဆိုင်သလို လုပ်နေပါတယ်။ ညီမတို့ အားလုံးက အသက်လုပြီး ပြေးထွက်လာလို့သာ အသက်ရှင်ကျန်ခဲ့ရတာပါရှင်”
ရွှေဝင်းအဆောင်မှာ အဆောင်လခ တစ်လကို ၁၂၀,၀၀၀ ကျပ်မှ ၂၁၀,၀၀၀ ကျပ် အထိ အခန်း အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ထားတယ်လို့ အဆောင်သူတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ကူညီကယ်ဆယ်ရေးတွေ စနစ်တကျ မလုပ်နိုင်လို့ အဆောက်အအုံပျက်တွေကြား ပိတ်မိကာ သေဆုံးသူတွေ အပုပ်နံ့ရမှာ ရှာဖွေရတဲ့ ဖြစ်စဉ်မျိုး အများအပြား ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ငလျင်ကြောင့် အဆောက်အဦးပြိုကျမှုတွေမှာ ပိတ်မိနေသူတွေနဲ့ သေဆုံးသူတွေကို ထုတ်ဖော် နေရဆဲဖြစ်ပြီး ဧပြီလ ၄ရက်အထိ စာရင်းအရ မန္တလေးတိုင်းအတွင်း ငလျင်ဘေးကြောင့် သေဆုံးသူ ၂၁၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၀၀ ကျော်ရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့က ငလျင်ဒဏ်သင့် ရွှေဝင်းအဆောင်ကို ဧပြီလ ၅ရက်က ရှာဖွေကယ်ဆယ်ရေး လုပ်နေမှုနဲ့ သေဆုံးတဲ့ အဆောင်သူ မအိသော်တာ (ခေါ်) ဆိုရာ/Photo – KAKA, CJ