စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့သို့ နေ့ချင်းပြန်သွားရောက်၍ ကယ်ဆယ်ရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ဧပြီလ ၆ ရက် နံနက်ပိုင်း၌ စစ်ကိုင်းမြို့သို့ စစ်ခေါင်းဆောင်ရောက်ရှိလာကာ ငလျင်ကြောင့် ပြိုကျခဲ့သည့် မြတ်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျပြုပြင်ပြီးစီးရေး ကြပ်မတ်ရန် ပြောဆိုခဲ့သည်။
ထို့ပြင် စစ်ကိုင်း (အင်းဝ) တံတားပြိုကျပျက်စီးမှုအား သွားရောက်ကြည့်ရှုခဲ့သလို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် မလေးရှားအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် မန္တလေး မဟာမြတ်မုနိဘုရားသို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့သလို မန္တလေးမြို့ရှိ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့၊ ဘယ်လာရုစ်၊ ရုရှားကူညီကယ်ဆယ်ရေးအဖွဲ့တို့နှင့်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။