အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများကို ကြက်ဥ ဘဲဥနှင့် ငွေကျပ် ၅ သောင်းထောက်ပံ့

ဒေါ်လာများစွာ အလှူခံရရှိထားသည့် စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများကို ကြက်ဥ ဘဲဥနှင့် ငွေကျပ် ၅ သောင်းထောက်ပံ့

ငလျင်ဒဏ်ခံစားခဲ့ရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများကို စစ်ကောင်စီက ကြက်ဥ၊ ဘဲဥနှင့် ငွေကျပ်(၅၀၀၀၀)ထောက်ပံ့သည်ဟု ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆)တွင် စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်တင့်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ကော်မရှင်ရုံးဝန်ထမ်းများကို နေပြည်တော်ကောင်စီမှ ခွဲဝေပေးသည့်ပစ္စည်းများနှင့် အလှူရှင်အသီးသီးမှ လှူဒါန်းသည့် ဆန်၊ ကြက်ဥ၊ ဘဲဥ၊ ငါးခြောက်၊ ငါးခြောက်ကြော်၊ အာလူး၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံ၊ ရေသန့်ဘူးများနှင့် ဝန်ထမ်းတစ်ဦးလျှင် ငွေသား (၅၀၀၀၀)စီ ထောက်ပံ့သည်ဟု သိရသည်။

ဒေါ်လာလိုနေသည့် စစ်ကောင်စီတွင် ငလျင်ဘေးအတွက် ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ဒေါ်လာသန်း (၁၀၀)ကျော်အပြင် ပြည်တွင်းမှ ခရိုနီများ လှူဒါန်းထားသည့် ကျပ်(၁၁၆)ဘီလီယံကျော်ကိုလည်း လက်ခံရရှိထားသည်။

စစ်ခေါင်းဆောင်ကမူ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် သေဆုံးသူ တစ်ဦးလျှင် ကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ပြည်သူများအတွက် ထိရောက်သည့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ။

Photo: ACC Myanmar

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top