ငလျင်ဘေးအတွက် အလှူခံမည့်သူများ ထောက်ခံစာ ၄ မျိုးပါမှ အလှူခံရမည်

ငလျင်ဘေးအတွက် အလှူခံနေတဲ့သူတွေအနေနဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ထောက်ခံစာ ၄ မျိုးပါမှ အလှူခံထွက်တာ၊ လှူဒါန်းတာတွေလုပ်ရမယ်လို့ ပရဟိတအဖွဲ့အစည်းတွေဆီက သိရပါတယ်။

အလှူခံနေသူတွေအနေနဲ့ ရပ်ကွက်၊ ရဲစခန်း၊ မြို့နယ်ထွေအုပ်နဲ့ မြို့နယ်စည်ပင်ရုံးမှာ ထောက်ခံစာလုပ်ပြီးမှ အလှူခံတာတွေ၊ လှူဒါန်းတာတွေ လုပ်လို့ရမှာလို့ ပရဟိတအဖွဲ့ဝင် တယောက်က ပြောပါတယ်။

“ရပ်ကွက်ရုံးကို အရင်သွား၊ အဲ့ကနေ ထောက်ခံစာယူပြီးရင် မြို့နယ်ထွေအုပ်ကိုသွား၊ ထွေအုပ်ကရပြီဆို မြို့နယ်စည်ပင်ကိုသွား၊ မြို့နယ်စည်ပင်ကရရင် မြို့နယ်ရုံးကိုပြန်လာ၊ အဲ့ကနေ ရဲစခန်းသွား၊ အဲ့လို အဆင့်ဆင့်လုပ်ရတာ ၅ နာရီလောက်ကြာတယ်။”

စစ်ကောင်စီက သတ်မှတ်ချက်ထားတဲ့ စည်းကမ်းချက်တွေမှာ အလှူခံမယ့်နေရာ၊ လှူဒါန်းမယ့်နေရာနဲ့ ပါဝင်သူဦးရေတွေကို အတိအကျ စာရင်းပေးပြီးမှ ထောက်ခံစာထုတ်ပေးတာဖြစ်ပြီး လှူဒါန်းရာမှာလည်း အချိန်ကန့်သတ်ထားတယ်လို့ သူကရှင်းပြပါတယ်။

အခုလိုလုပ်တာဟာ သဘာဝဘေးကို အကြောင်းပြကာ လိမ်လည်အလှူခံသူတွေ များပြားလာတဲ့ အတွက် ကန့်သတ်လိုက်တာလို့ ထွေအုပ်နဲ့နီးစပ်သူတယောက်က ​ပြောပါတယ်။

“တချို့က ရောယောင်ပြီး လိုက်အလှူခံတာ၊ ဘယ်ကိုမှ သွားလှူတာမရှိဘူး၊ တကယ်လုပ်တဲ့သူတွေ ဒုက္ခရောက်တာပေါ့၊ ရေဘေးတုန်းကဆို ရေဘေးသာပြီးသွားတယ် လိုက်ပြီး အလှူခံစားနေတဲ့ အဖွဲ့တွေ ရှိနေတုန်း၊ ဒါကြောင့် ကန့်သတ်လိုက်တာ။”

လတ်တလော နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းပေါင်း ၂၃ ခုက အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၈၈ သန်း ကူညီထားပေမဲ့ စစ်ကောင်စီက သေဆုံးသူတွေကို တယောက်ကို ကျပ် ၁၀ သိန်းသာ ပေးပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃,၄၅၅ ယောက်၊ ဒဏ်ရာရသူ ၄,၈၄၀ ယောက်နဲ့ ပျောက်ဆုံးသူ အယောက် ၂၂၀ ရှိတယ်လို့ ဧပြီ ၆ ရက် မနက်က စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top