စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံတပ်စခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်သည်။

တညောင်ဓာတ်အားခွဲရုံသည် လေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် အပြစ်မဲ့ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင်အသုံးပြုသည့် လေယာဉ်ဗုံးများ ထုတ်လုပ်ရာ ကပစ (၂၀၊ ၂၁၊ ၂၅) နှင့် ဆိပ်ဖြူမြို့အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) များသို့ အဓိက ဓာတ်အားပေးနေရာဖြစ်ကြောင်းလည်း အသိပေးသည်။

ပြည်သူများ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေသည်ကို မထောက်ထားဘဲ သဘာဝဘေးဒဏ်သင့်နေသည့်အချိန်တွင် အပြစ်မဲ့ပြည်သူများနေ ထိုင်ရာနေရာများသို့ လေယာဉ်များဖြင့် လူမဆန်စွာ ဗုံးကြဲမှုများ ဆက်လက်ဆောင်ရွက်နေသည့်အတွက် ဗမာ့တပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် မတ်လ ၃၁ရက် နံနက် ၅နာရီခန့်ကစ၍ စစ်ကောင်စီအထိုင်ချတပ်စွဲရာ တညောင်ဓာတ်အားခွဲရုံကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအလုံး ၈၀ ခန့်အား ဖျက်ဆီးတိုက်ခိုက်ခဲ့ပြီး အထိုင်ချတပ်စွဲထားသည့် စစ်​ကောင်စီတပ်သားများအား လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗမာ့တပ်တော်က ပြောသည်။

တိုက်ပွဲ ၄နာရီကျော်အတွင်း ခွဲရုံးမှူး၊ အရာရှိ ၂ ဦးနှင့် စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ ၈၀လုံးခန့် ပျက်စီးကာ ကပစ (၂၀၊ ၂၁၊ ၂၅)နှင့် လစခ(၉)တို့ လျှပ်စစ်ဓာတ်အားလုံးဝပြတ်တောက်ကာ စစ်ဆင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုံးဝရပ်တန့်သွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းကို စခတွေဘက်က စစ်ကြောင်းထိုးနေတယ်။ဒေသခံပြည်သူ အချို့သေဆုံးမှုရှိတယ်လို့ကြားရတယ်။။အဆက် အသွယ်ပြတ်တောက် တာတွေကြောင့် အတိအကျ ပြောဖို့ တော့ ခက်တယ်”ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

မတ်လ ၃၁ ရက်က တိုက်ခိုက်မှုစစ်ဆင်ရေးကို ဗမာ့တပ်တော်၊ အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးမှူးမှ ဦးစီးကာ ဗမာ့တပ်တော် တပ်ရင်း(၇၀၇)၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ်ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ်ပကဖတပ်ဖွဲ့၊ မကွေးတိုင်းဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်လက် ရုံးတပ်ဖွဲ့တို့ ပါဝင်သည်။

တညောင်ဓာတ်အားခွဲရုံအနီးရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်ကောင်စီ၏ မကွေးလေ တပ်မှ Jet Fighter များဖြင့် ၁၀ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာများပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကြောင်း သိရသည်။

(ရုပ်သံ – စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်နေစဉ်)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top