တစ်နိုင်ငံလုံး၊ မြို့နယ်တိုင်းရှိ ဌာနဆိုင်ရာရုံး၊ ရပ်ကွက်နှင့်ကျေးရွာများအားလုံးတွင် ရတနာသုတ်ကို ၉ ရက်တိတိ ၉ ကြိမ် ရွတ်ဖတ်ကြရန် စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် အရေးပေါ် ညွှန်ကြားလာကြောင်း မြို့နယ်ထွေ/အုပ်အဖွဲ့ဝင်များက ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တိုင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးရုံးများ၊ သာသနာတော်ဆိုင်ရာ ဓမ္မာရုံ၊ ဘုန်းကြီး ကျောင်းများ၊ ဆွမ်းလောင်းအသင်းများနှင့် ပြည်သူများ၏ နေအိမ်များတွင်ပါ ရတနာသုတ်ကို ရွတ်ဖတ်ပူဇော်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ငလျင်ဘေးအပြင် လာမည့် ဘေးအန္တရာယ်များမှ ကင်းရှင်းနိုင်ရေးအတွက် ယင်းကဲ့သို့ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးသို့ နှုတ်မိန့်ဖြင့် ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။
” ငလျင်ဘေးကြီးဖြစ်တယ်။ ပြည်သူတွေ အလောင်းတွေ ထောင်ချီပြီး သေဆုံးရတယ်။ အပုတ်နံ့တွေ ဖြစ်တယ်။ ဒါက ဝေသာလီမှာ ကပ်ဘေးဆိုက်တော့ ဘုရားရှင်ကိုယ်တိုင် ရတနာ့သုတ် ပရိတ်ပဌာန်းတွေရွတ်ပြီး ကာကွယ်ခဲ့ရတယ်။ အခုလည်း ဒီလို ရတနာသုတ် ရွတ်ဖတ်ပူဇော်တာက ကောင်းတဲ့ လက္ခဏာဖြစ်တယ်။ ကြုံဆဲ၊ ကြုံရလတံ့သော ဘေးတွေက ကင်းဝေးစေမှာဖြစ်ပါတယ်။ ဦးဇင်းတို့ဆီမှာတော့ မြို့/နယ်ထွေအုပ်ရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ် သံဃာနာယကအဖွဲ့ ပူးပေါင်းပြီး ကျောင်းတိုက်တွေ အလှည့်ကျ ညတိုင်း မနေ့ညက စရွတ်နေပြီ။ တစ်နိုင်ငံလုံး ရွတ်ကြတာပါ” ဟု စမ်းချောင်းမြို့နယ်၊ မြို့နယ်သံဃာနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင်လည်း မြို့နယ်ထွေ/အုပ်၏ ညွှန်ကြားချက်အရ ယမန်နေ့ ည ၇ နာရီမှစတင်ပြီး ရတနာသုတ်ကို မလွန်မြသပိတ်စေတီတော်မြတ်ကြီး ဂန္တကုဋီတိုက်တွင် စတင်ရွတ်ဖတ်နေကာ ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ ၉ ရက် ၉ ကြိမ်တိုင်တိုင် ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း ၊ မင်းလှမြို့နယ်တွင် နေ့စဉ် ၇ နာရီအချိန် ဆရာတော်၊သံဃာတော်များ က တန်ခိုးကြီးဘုရား စေတီ၊ဗိမာန် များတွင် လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲကများက သက်ဆိုင်ရာ ဓမ္မာရုံများနှင့် ရုံးများတွင် လည်း ကောင်း၊ ဝန်ကြီးဌာနဆိုင်ရာ ရုံး ၊ ဌာနများ က ရုံးများရှိ ဘုရားခန်းများ တွင်လည်းကောင်း ” ရတနာသုတ် ” ပရိတ်တရားတော် ကို တစ်ပြိုင်နက်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရှိရသည်။
“ရတနာသုတ် ရွတ်ဖတ်တာက တစ်နိုင်ငံလုံး ညွှန်ကြားတာပါ။ ရန်ကုန်တိုင်းမှာလည်း မနေ့ ည ၇ နာရီကစပြီး ရွတ်ဖို့ ရပ်ကွက်ရုံးတွေအထိ ညွှန်ကြားထားတယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက ရတနာသုတ် ရွတ်ဖတ်ခိုင်းရခြင်းမှာ မီး ဘေး၊ လေဘေး၊ရေဘေး နှင့် ငလျင်ဘေး စသည့်သဘာဝဘေး အန္တရာယ်များမှ ကင်း ဝေးစေရန်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ၏ တစ်နိုင်ငံလုံးသို့ ညွှန်ကြားချက်အရ ရတနာသုတ် ရွတ်ဖတ်ပွဲ ပြုလုပ်နေစဉ်။